အပေါင်းတစ်ဆိုလည်း အဟောင်းကိုပဲ အသစ်အဖြစ် ဆက်လက်သုံးစွဲတာပါ
ယုန်ထောင်ကြောင်မိဆိုလို့ ယုန်ထင်ကြောင်ထင်ဖြစ်အောင်
ကိုယ့်ကိုယ်ကို ထောင်ဖမ်းကြည့်လိုက်တာ
ငါ့ဘဝနဲ့ငါ လက်တစ်ကမ်းစာ အမြဲလွဲသွားတယ်
ခွဲရေး တွဲရေး ကွဲလွဲနေတယ် ဆိုမလား
တွဲနေတယ် = ကွဲနေတယ် ဆိုတော့ အတူ = တစ်နေရာစီ
အဲသလို ဆိုလို/မဆိုလို …ဆိုလိုတာ တူတူပဲလား?? ကွဲကွဲပြားပြားမဖြစ်တော့
ဆန်းဆန်းပြားပြား နေထိုင်လိုက်ရတာပါပဲ
နောက်ကျနေပြီလို့ မပြောပါနဲ့ နောက်ကျိနေပြီလို့ မပြောပါနဲ့
အနောက်ကရှိနေသမျှ အနောက်ကကြည့်နေသမျှ
နောက်တစ်ခါဆိုတဲ့သိမှု ထိမှု တွေ့မှု ရှိမှု အသက်တစ်ရာ မနေရစကား
ခံစားမှုကို ဓါးထောက်ထားသကဲ့သို့မို့
နောက်ဆို နောက်ဆိုတာကို နောက်သလိုတောင်
မပြောဝံ့ မနာသာ ကျီးလန့်စာစားသင်္ခါရတရားနဲ့
ဆီလိုအပေါက်ရှာ နေရာတကာ ဝင်ဆန့်နိုင်မှုကြီး
ခန္ဓာများပြီး တရားမရသရွေ့ မတရားသရွေ့သာ
ရနေတဲ့ဘဝ ရွေ့နေတဲ့ဘဝ ရွဲ့နေတဲ့ဘဝ ရွဲနေတဲ့ဘဝ
အရိုးအရင်းအတိုင်း ပြန်မရတော့တဲ့အခါ
အရိုးခံ အရင်းခံ အရိုင်းစိတ်ရဲ့ ဒိတ်ဒိတ်ကျဲ မှောင်မိုက်မဲမှုထဲ
မှောင်ခဲ့ မိုက်ခဲ့ မဲခဲ့ မိုးမမြင် လေမမြင် ရေပြင် မြေပြင်
လေဖိအားနည်းရပ်ဝန်းများ
သည်းထန်စွာကျဆင်းမှုများ
ဝမ်းနည်း ရင်းလည်း ဝမ်းသာ ရင်းလည်း ဝမ်းနည်း
နှလုံးသားပင်လယ်အော် မျှော်တော်ယောင်ကျွန်းအနီး…။
သိုးထိန်း (အန္တိမ)
၂ဝ၁ဝ ဇန်နဝါရီ ၉ရက်၊ မနက် ၉း၁ဝ
old is gold,,:D
gold has moles :))