30
Sep
10

Interview

မြန်မာစာပေလောကကိုသာမက ကမ္ဘာ့စာပေလောကကိုပါ ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားနေသော မြန်မာပြည်ဖွား onlineပေါ်မှကြီးတဲ့…ကဗျာဆရာ (ဟု သူ့ကိုယ်သူ အမွှန်းတင်လေ့ရှိသော) သိုးထိန်း (အန္တိမ) ကို International Online Poetry Magazine တစ်ခုဖြစ်သည့် The Jumper မဂ္ဂဇင်းမှ telephone ဆက်သွယ်မှုလိုင်းများ မကောင်းသည့်ကြားမှ အပတ်တကုတ်ကြိုးစား interview လုပ်ထားသည်ကို လတ်လတ်ဆတ်ဆတ် မြန်မာဘာသာသို့ ပြန်ဆို ဖော်ပြလိုက်ရပါသည်။ 

ကဗျာကို ဘယ်အရွယ်လောက်ကစပြီး ရေးဖြစ်တယ်ဆိုတာနဲ့ ဘာကြောင့်ရေးဖြစ်တယ်ဆိုတာလေးပြောပြပါလား?

ခြောက်တန်းကျောင်းသားဘဝပေါ့နော်။  ကျွန်တော့် အတန်းပိုင်ဆရာမရဲ့သမီး ရှစ်တန်းကျောင်းသူကို ဖြတ်ညှပ်ကပ်ကဗျာတစ်ပုဒ်ပေးပြီး အဆင်ပြေခဲ့တာက စတယ်ဗျာ။ (အထင်တော့မသေးနဲ့ဗျ။  ကျွန်တော်က နှစ်တန်းကျောင်းသားဘဝကတည်းက ရည်းစားစာပေးဖူးနေပြီ။)  အဲဒီတုန်းက ကျွန်တော့်မိဘများက ဆရာကြီးမင်းသုဝဏ်တို့ ကားဂိုဒေါင်အပေါ်ထပ်ကလေးမှာ ငှားနေကြရတဲ့အချိန်ပေါ့။  စု၊တု၊ပြု ဆိုတဲ့ စနစ်ကလေးကို စမြည်းစမ်းကြည့်မိတာပဲ။  နှစ်တိုင်း ဆောင်းရာသီဆို ဆရာကြီးမင်းသုဝဏ်ရဲ့ မွေးနေ့အထိမ်းအမှတ် ထမနဲပွဲကိုလာကြတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ကြည့်ပြီး အားကျမိတာလည်းပါမယ်ပေါ့ဗျာ။  (အမှန်တိုင်းပြောရရင် အဲဒီတုန်းက ကလေးသာသာဆိုတော့ ထမနဲထိုးပွဲကို ဝိုင်းကူလုပ်တဲ့သူတွေအတွက် ချက်ထားတဲ့ ဝက်သားဆီပြန်နဲ့ ချဉ်ပေါင်ဟင်းရည်က ပိုပြီးဆွဲဆောင်မှုရှိခဲ့တယ်ဆိုတာတော့ ရှက်ရှက်နဲ့ ဝန်ခံရမယ်) ဆရာကြီးမင်းသုဝဏ်ရဲ့အိမ်အဝင်ဝမှာချိတ်ထားတဲ့ ပျဉ်းမငုတ်တို ကဗျာနဲ့ ပန်းချီကားက ကျွန်တော် ပထမဦးဆုံး ခံစားထိရှမိတဲ့ အနုပညာပစ္စည်းတွေပါပဲ။  ကိုယ်ခံစားမိတဲ့ကိစ္စတွေကို တခြားသူတွေကိုလည်း ဝေမျှချင်တဲ့စိတ်ကလေး ပေါ်လာတယ်ပေါ့ဗျာ။  ဒါပေမယ့် လူက နဂိုကတည်းက သောက်ပျင်းကြီးတတ်တော့ တိုတိုတုတ်တုတ်ရေးလို့ရတဲ့ ကဗျာကို ဘဝင်ခိုက်သွားတော့တာပါပဲ။  ခုထိ အက်ဆေးတစ်ပုဒ်လောက်ရေးဖို့ဆို တီ ဆားနဲ့တို့သလို ဖြစ်နေတုန်းပါပဲ။ 

သိုးထိန်း (အန္တိမ) ဆိုပြီးဖြစ်လာပုံလေး…

ဆိုက်ကားသမား သိုးထိန်း၊ ကွမ်းယာသည် သိုးထိန်း၊ ပုဏ္ဏား သိုးထိန်း၊ ဖန်ဆင်းရှင် သိုးထိန်း၊ ဒီဇိုင်နာ သိုးထိန်း၊ သိုးထိန်း (တောင်ကြီး)၊ သိုးထိန်း (ပြီးပျော့) အစရှိသဖြင့်ပေါ့ဗျာ သိုးထိန်းတွေများနေတော့ ကျွန်တော်လည်း သိုးထိန်း (အန္တိမ) လိုက်ရတာပါပဲ။  တစ်ဖက်ကပြောရရင်လည်း ခုနောက်ပိုင်းမှာ ကျွန်တော် ဂွင်းကိစ္စကို တော်တော်စိတ်ဝင်စားမိတာလည်းပါတာပေါ့လေ။  ဂွင်းစနဲ့ ဂွင်းပိတ်ကြားထဲမှာ လွတ်လပ်စွာဖြည့်စွက်နိုင်ခွင့်တစ်ခု ရှိနေတာတော့ သေချာတယ်ဗျာ။  ဒါကလည်း ခင်ဗျားကိုယ်တိုင် ဂွင်းတွေရဲ့ အရေးပါမှုကို စေ့စေ့ငုံငုံလေ့လာကြည့်ပြီး ဂွင်းတစ်ခုလောက်စလိုက်မှ သိလာရတဲ့ အရသာမျိုးလေ။  စကားမစပ် ဆက်ပြီးပြောရရင် ကျွန်တော် လောလောဆယ် သိထားသမျှကတော့ ဂွင်း(၄) မျိုးရှိတယ်ဗျ။

ဒါဆို ခင်ဗျားဂွင်းထဲမှာ အကျအနထည့်ထားတဲ့ “အန္တိမ” ဆိုတာ ဇာတိလားဗျာ? 

နိုး…နိုး…နိုး…

“အန္တိမ” ဆိုတာ ဇာတိမဟုတ်ပါဘူး။  ဂုဏ်သတ္တိပါ။  ကျွန်တော်က အနောက်ကနေရတာကို ပိုပြီးခုံမင်တဲ့သူဆိုတော့ ရှေ့ရောက်မယ့်ကိစ္စတွေကို ရှောင်တဲ့သဘောပေါ့ဗျာ။  ကိုယ့်ရှေ့လာပြီး ရှူပ်ရှူပ်ယှက်ယှက်လုပ်ပြတာတွေ့ရင်လည်း ဇာတ်သတ်လို့ ရချင်မှရတတ်တဲ့ကောင်မျိုးပေါ့။ ရန်ငြိုးရှိလို့ရယ်တော့ မဟုတ်ပါဘူး။   

အခုအချိန်မှာ ခင်ဗျား ကလောင်နာမည်က သက်ရောက်မှုအတိုင်းအတာတစ်ခုခု ရှိနေပြီလို့များ ယူဆပါသလား?

onlineပေါ်မှာတော့ သက်ရောက်မှုတစ်ခုခုရှိနေပြီလို့ ယူဆလို့ရနေပါပြီ။  ပုံနှိပ်မီဒီယာပေါ်တော့ ကျွန်တော့် ဒီဘက် တစ်နှစ်၊ နှစ်နှစ်အတွင်း ရေးတဲ့ကဗျာတွေမတင်ပို့ဖြစ်သေးတဲ့အတွက် မပြောတတ်ပါဘူး။ online ပေါ်ကကိစ္စကိုပဲ ဆက်ပြောကြရရင် ဆိုကြပါစို့ဗျာ…

“ပန်းကြိုက်တဲ့ညီမလေးရယ်”     သိုးထိန်း (အန္တိမ) ဆိုတာနဲ့

“ပန်းကြိုက်တဲ့ညီမလေးရယ်”     စိုးအောင် (တွံတေး) ဆိုတာကို

စာဖတ်ပရိသတ်က အဓိပ္ပါယ်ဖွင့်ပုံခြင်း မတူတော့ပါဘူး။ 

ဒါဟာ အလေးအနက်စဉ်းစားသင့်တဲ့ ကိစ္စတစ်ရပ်ပါ။  ဝါကျတစ်ကြောင်းတည်းကိုပဲ လူတစ်ဦးတစ်ယောက်တည်းက ဖတ်တာဖြစ်ရက်နဲ့တောင် ဘာကြောင့် သိမှုမှာ အဓိပ္ပါယ်တည်ဆောက်ပုံကွဲသွားရတာလဲဆိုတာ။ အညွှန်းပြု၊ အညွှန်းခံ၊ the language of thought hypothesis ဘာ…ညာ…စတာတွေကို ဆရာဇော်ဇော်အောင်တို့၊ ဆရာဇေယျာလင်းတို့ကို ဦးစီးဦးဆောင်ပြုဖို့ အကူညီတောင်းပြီး ဆက်လက်ဆွေးနွေးဖေါ်ထုတ်သင့်ပါတယ်။  ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားလွန်းလို့ပါ။ 

တချို့က ခင်ဗျားကဗျာအများစုဟာ အညှီအဟောက်ကဗျာတွေပါလို့ ပြောကြတာကို ဘယ်လို သဘောရပါသလဲ?

ကျွန်တော့်ကို အားနာလို့များ တချို့လို့ သုံးလိုက်တာများလားဗျာ။  တကယ်တော့ အများစုက အဲဒီလိုပဲမြင်နေကြတာပါပဲ။  ခက်တာက ဖတ်သူကိုယ်တိုင်ရဲ့ သိမှုထဲမှာ အဲဒီ အညှီအဟောက်ဆိုတာတွေ၊ ညစ်ညမ်းပါတယ်ဆိုတာတွေက ကျွန်တော့် ကဗျာကို မဖတ်ခင်ကတည်းက သိမ်းဆည်းသိုမှီးထားပြီး ဖြစ်လို့သာ အဲဒီလို ဆုံးဖြတ်ချက်ချနိုင်တာပဲဖြစ်ပါတယ်။  ဆိုပါတော့… ခင်ဗျားဟာ ဝါကျတစ်ကြောင်းကို ခင်ဗျား သိမှုရဲ့ ဘာသာစကားအကျယ်အဝန်းအတိုင်းပဲ ဖတ်ရှုအဓိပ္ပါယ်ကောက်နိုင်တာ ဖြစ်ပါတယ်။  ဖြစ်ချင်တော့ လူတော်တော်များများက အဲဒီအပေါ်ယံအလွှာကို အဓိပ္ပါယ်ကောက်နိုင်တာနဲ့ ကဗျာတစ်ပုဒ်ကို ဖတ်ရှုခြင်းအမှု ပြီးမြောက်ပြီလို့ မှတ်ယူနေတာပါပဲ။  ပုထုဇနော ဥမ္မတကောဆိုတော့ကာ ဆက်ပြီးအကျယ်ရှင်းလည်း မောတာပဲအဖတ်တင်မယ်ထင်တာပဲဗျို့။  လူပြိန်းပြော ပြောရရင်တော့ လူတော်တော်များများစိတ်ထဲမှာရှိပေမယ့် မပြောရဲတဲ့ကိစ္စကို ကျွန်တော့်ဘက်က ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ရေးသားတတ်တယ်ပေါ့ဗျာ။  ဘာတဲ့…ကြည့်တတ်တော့ ပညာ၊ မကြည့်တတ်တော့ တဏှာ ဆိုလား?

၂၁ရာစုဘက်ရောက်လာတဲ့အခါပေါ့နော်…လိင်ပေါ်မူတည်ပြီး အမျိုးအစား အတန်းအစားခွဲခြားတာတွေကို လူ့အဖွဲ့အစည်းက လက်မခံတော့ဘူးဗျာ။  အနုပညာမှာဆိုလည်း ရှေးပဝေသဏီကတည်းက အဖိုတန်ဖိုးတွေပဲစိုးမိုးနေတာကနေ ၂ဝရာစုဝန်းကျင်လောက်ကစပြီး အမတန်ဖိုးတွေကိုလည်း အလေးထား ဖော်ပြလာကြတယ်။  အနုပညာနယ်ထဲမှာ အမျိုးသမီးတွေလည်း နေရာရလာတယ်။  လွတ်လပ်စွာ ရွေးချယ်လုပ်ဆောင်နိုင်ခွင့်တွေ ရလာတယ်ပေါ့။  အဲဒီအထဲမှာမှ အခုလေးငါးနှစ်အတွင်းမှာ လိင်တူဆက်ဆံသူများအခွင့်အရးတန်းတူရရေး ဘာညာ တောင်းဆိုသံတွေကြားလာရပြန်တယ်ဗျာ။  အနုပညာနယ်က အနုပညာသမားတစ်ယောက်အနေနဲ့ အဲဒါလေးကို ဘယ်လိုသဘောရသလဲ?

ကျောင်းသားဘဝတုန်းက မေးခွန်းသတ်တယ်ဆိုတာ နားမလည်ခဲ့ဘူး။  ခုမှသေချာသိရတော့တယ်ဗျို့။  လိင်တူပေါင်းသင်းသူတွေကို အကြမ်းအားဖြင့်နှစ်မျိုးခွဲရင် Gay နဲ့ Lesbian ပေါ့ဗျာ။  အဲဒါကို ကျွန်တော့်ဘက်က နားလည်သမျှကတော့ Gay ဆိုတာက နေကြာစေ့ထုပ်ထဲမှာ ကြက်သွန်ဖြူကိုရှာစားတဲ့သူပဲ။  Lesbian ကတော့ ဘာနဲ့တူမလဲဆိုရင် အင်း…ကိုယ့်ရှေ့မှာလာချထားတဲ့ ပဲပြူတ်နံပြားကို နံပြားချည်းပဲရွေးစားတတ်တဲ့သူမျိုးပေါ့ဗျာ။  ယေဘုယျအားဖြင့် ဖွင့်ထားတဲ့စိတ်ရှိသူတစ်ယောက်လို့ ကိုယ့်ကိုယ်ကို ယူဆထားမိတော့ကာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပါတယ်။  ဒါပေမယ့်ပေါ့ဗျာ…နိုင်ငံတစ်နိုင်ငံက အခြားသောနိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ နဲ့ လွတ်လပ်မှုကို အသိမှတ်ပြုလေးစားရမှာဖြစ်တဲ့အတိုင်းပေါ့ homo နဲ့ straight တွေကြားမှာလည်း တစ်ဦးလွတ်လပ်မှုကိုတစ်ဦးက အပြန်အလှန်အသိမှတ်ပြု လေးစားကြရပါမယ်။  နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်သင့်ဘူး မဟုတ်ပါလားဗျာ။  ကျွန်တော်ကတော့ ဘက်မလိုက် နိုင်ငံတစ်ခုအဖြစ်ပဲ ရပ်တည်ချင်ပါတယ်။  ခင်ဗျား ပြောခဲ့တဲ့ အနုပညာနယ်ထဲက အဖိုတန်ဖိုး၊ အမတန်ဖိုးတွေကိစ္စနဲ့ ခုနောက်တိုး gay တန်ဖိုး၊ lesbian တန်ဖိုး…ဒါမှမဟုတ်လည်း နှစ်ခုပေါင်း ဟိုမိုတန်ဖိုး အညွှန်းတွေ၊ အညွှန်းခံတွေ၊ ဝေါဟာရတွေ၊ အနက်တွေ၊ စကားလုံးတွေ၊ စကားစုတွေ၊ ဘာသာဗေဒတွေ၊ သဒ္ဒါဆိုင်ရာ ဒေါသသင့်မှု၊ မသင့်မှုတွေကတော့ ကိုယ့်ကိုယ်ကို ဘောင်ခတ်ရာရောက်တဲ့အတွက် သိပ်စိတ်မဝင်စားပါဘူး။  အခုခင်းဗျားနဲ့ ကျွန်တော်စကားပြောနေတာလည်း အဖိုတန်ဖိုးဆောင်အောင်၊ အမတန်ဖိုးဆောင်အောင်ရယ်လို့ ဦးတည်စဉ်းစားပြီး ပြောနေတာမဟုတ်ဘူးဗျို့။  ခင်ဗျားလည်း ကျွန်တော့်ကို အဖိုသဘောဆောင်တဲ့ မေးခွန်းတစ်လှည့်၊ အမသဘောဆောင်တဲ့ မေးခွန်းတစ်လှည့် ဆိုပြီး မေးနေတာတော့ မဟုတ်လောက်ပါဘူး။  ဒါနဲ့ အခုဒီမေးခွန်းကြီး ကိုယ်၌က ဟိုမိုတန်ဖိုးဆောင်တဲ့ မေးခွန်းကြီးများလားဗျို့?

online ပေါ်မှာ ရှင်သန်နေတဲ့ ကဗျာဆရာတစ်ယောက်အနေနဲ့ ဘယ်လို ကောင်းကျိုး ဆိုးကျိုးတွေရှိပါသလဲ?

ရှိပြီလားဗျာ။  ဗလာစာအုပ်ဖိုးနဲ့ ဖောင်တိန်ဖိုး သက်သာတာပါပဲ။  အမှိုက်ပုံးလည်း ခဏခဏ ထပြီးသွန်စရာမလိုတော့ဘူးဗျို့။  အဲ…တစ်ခုတော့ ရှိတာပေါ့လေ။  မီးမြန်မြန်လာပါစေလို့တော့ မကြာမကြာ ဆုတောင်းရတာပေါ့။  online ကဗျာဆရာတွေအတွက် ဟိုက္ကုလိုလို၊ ဘာလိုလို စာချိုးလေးတစ်ခုတောင် ထွက်နေသေးတယ်ဗျ။  ဘာတဲ့… ငါ့ thumb drive သည်သာ ငါ့ကမ္ဘာ၊ တခြား ဘာမှ မရှိ။

အခုလတ်တလော ဘယ်လို ကဗျာအမျိုးအစားတွေ ရေးဖို့အစီစဉ်ရှိသလဲသိပါရစေ?

ကျွန်တော်တို့ PEMSKOOL ဝိုင်းတော်သားတွေအနေနဲ့ကတော့ စမ်းသပ်ကဗျာအမျိုးအစားတွေ၊ online အခြေပြု စမ်းသပ်ကဗျာတွေ (onlineက ရတဲ့အချက်အလက်တွေ၊ onlineကို မှီခိုပြီးတင်ဆက်တဲ့ ကဗျာအမျိုးအစားတွေ)

 အခုတလော တော်တော်ရေးဖြစ်ကြတယ်ဗျ။  မြန်မာလိုရော၊ အင်္ဂလိပ်လို ကွိစိကွစိရောပေါ့ဗျာ။  နိုင်ငံတကာမှာက ကဗျာတစ်ပုဒ်ကို reading သက်သက်တင်မဟုတ်ဘဲ looking ဆိုတာမျိုးအတွက်လည်း တင်ဆက်နေကြပြီလေ။  လတ်တလာ ကျွန်တော် personal project အနေနဲ့ကတော့ ကြောင်တွေရဲ့ အသံဗေဒကို လေ့လာနေတယ်ဗျ။  ကျားဆရာကြောင်လို့ ဆိုထားတယ် မဟုတ်လား?  ကျွန်တော်က ကြောင်တွေရဲ့ အသံအခြေပြု ဆက်သွယ်မှုသဘောတရားနဲ့  ကဗျာတစ်ပုဒ်လောက် ရေးကြည့်ချင်တယ်။  ဒါကိုရွတ်ဖတ်တဲ့အခါ ကျားတွေက အမိန့်တစ်ခုလိုလိုက်နာကြမလားပေါ့နော်။  သတ္တိလည်းရှိ၊ လက်တွေ့လည်း စမ်းကြည့်ချင်တဲ့သူတွေအတွက် ကျွန်တော့် ကဗျာပြီးတဲ့အခါ ကျားအိမ်ထဲကို အဲဒီကဗျာလေး လက်ကကိုင်ရင်း ရွတ်ပြီး ဝင်သွားစေချင်ပါတယ်။  ကျားတွေ အမြီးကုပ်ပြီး နေ၊ မနေကတော့ အဲဒီတော့မှ တွေ့ကြရမှာပဲပေါ့လေ။  စိတ်ချပါ။  သက်ဆိုင်ရာက ခွင့်ပြုချက်ရရင် ခင်ဗျားတို့ မဂ္ဂဇင်းကိုလည်း ဖိတ်လိုက်ပါ့မယ်။ 

သိုးထိန်း (အန္တိမ) ရဲ့ ပရိသတ်အတွက် စကားလက်ဆောင်လေးများ…

ပွတ္ထရီ (poetry)၊ တေ ဇော၊ အာပေါ၊ ဝါယောတဲ့…အားလုံး ဓါတ်ကြီး(၄)ပါးနဲ့ ဖွဲ့စည်းထားတာပါဗျာ။ 

သိုးထိန်း (အန္တိမ)

မှတ်ချက်။  ။  နေမျိုး၏  “မိမိကိုယ်ကို တယ်လီစကုပ်ဖြင့် ကြည့်ရှုခြင်း” ကို မှီး၍ရေးပါသည်။   မည်သူတစ်ဦးတစ်ယောက်ကိုမှ ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်ရန် မရည်ရွယ်ပါ။


7 Responses to “Interview”


  1. 1 dirtydoughnut
    October 1, 2010 at 1:23 AM

    kyike tae byoe,,,!!!!!!!!!!!

  2. October 1, 2010 at 11:01 PM

    ကြောင်တွေရဲ့ အသံ ကို လေ့လာနေတယ်း)
    မိုက်ပါ့

  3. October 3, 2010 at 9:59 AM

    ဂွင်း ကို ခုအသက်အရွယ်ထိကြိုက်နေရင်တော့…ကြက်သွန်ဖြူနဲ့ တွေ့မယ်နော….

  4. October 10, 2010 at 10:24 PM

    (ကဗျာပြီးတဲ့အခါ ကျားအိမ်ထဲကို အဲဒီကဗျာလေး လက်ကကိုင်ရင်း ရွတ်ပြီး ဝင်သွားစေချင်ပါတယ်။) ကျား တွေ ကြား သွား ရင် ကျားတွေ ကြားမှာ မသက်သား)

    • October 11, 2010 at 2:47 PM

      ကြားသားမိုကြိုး ကျားသားကျားပေါက် ကျားကြားကြား ကြောင်ကြားကြား ကြောင်ကြောင်ကျားကျား


Leave a comment


categories

archives