06
May
11

သီချင်းလုပ်ဆိုရင်း လေညင်းကို နားစွင့်နိုင်စေ

ညနေစောင်းမှာ ငှက်တွေ ရှိသလို ကျောပိုးအိတ်ထဲမှာ အစိုးမရတဲ့မုန်တိုင်းလည်း ရှိ၏။ ကမ်းခြေမှာ အပန်းဖြေရေလှိုင်းတွေ ရှိသလို အခြားတစ်နေရာမှာ ထွက်ခွာသွားတဲ့လေလှိုင်းတွေလည်း ရှိ၏။ တံတားပေါ်မှာ ဟူးဟူးရားရားတွေ ရှိသလို တစ်ဘက်ကမ်းမှာ အပူအပင်မဲ့မှုတွေလည်း ရှိ၏။ ငိုသံတွေထဲမှာ လုံးလုံးမမှန်သည်လည်း ရှိသလို ရယ်သံတွေထဲမှာ လုံးလုံးမမှားသည်လည်း ရှိ၏။ ရှေးအစဉ်အဆက် မကြာသောခရီး ရှိသလို မမြင်ကွယ်ရာ အနာဂတ် ကြာသောခရီးလည်း ရှိ၏။ သွေးကြောတွေကို ခိုးဖြည်ကြည့်တာ ရှိသလို ကြွက်သားအလုပ်ကိစ္စတွေလည်း ရှိ၏။ ပြောရမယ့်စကား ပြည့်စုံစွာ နယ်ဖတ်ပြီးကျွေးတာရှိသလို သူတောင်းစားလို ကိုယ့်ဂုဏ်အင်္ဂါနဲ့ကိုယ် ကြည့်ကြက်စားတာလည်း ရှိ၏။ အဝေးမှုန်သူ လမ်းသွားလမ်းလာများ ရှိသလို တတိတိပိုးကျနေသူ စိတ်ဝေဒနာရှင်များလည်း ရှိ၏။ အတွေးအခေါ် ဆေးပေါ့လိပ်မီးခိုးတွေ ရှိသလို သူတို့ကိုငေးကြည့်နေတဲ့ စပါးလုံးတစ်ထောက်သာသာ မျက်လုံးတွေလည်း ရှိ၏။ မနက်ခင်းကသူ့ရဲ့အရောင်ကို ဖမ်းယူဆုပ်ကိုင်ဖို့လက်တွေ ရှိသလို ညနေခင်းကလည်း မကြိုးစားခဲ့သူတစ်ယောက်ရဲ့ ဒရွတ်ဆွဲခြေလှမ်းတွေ ရှိ၏။ ငွေရောင်မပေါက်တပေါက်တိမ်တွေ မျက်စိတစ်ဆုံး ရှိသလို ငွေသာအမိ/ငွေသာအဖတွေက နင်းထားတဲ့ သဲမှုန်တွေလည်း ရှိ၏။ ကျကွဲတတ်သော အဓိပ္ပာယ်များ ရှိသလို ထုခွဲရောင်းချရသော အရသာများလည်း ရှိ၏။ ဒါပေမဲ့တွေပြိုလဲချိန် ဖုတ်လိုက်ဖုတ်လိုက်ရှိသလို မကြုံစဖူးတွေ စီးနေချိန်လည်း အုံလိုက်အုံလိုက် ရှိ၏။ ချဉ်သိုးပတ္တနာယင်ဝဲနာများ ကိုင်မည့်သူ မရှိသလို ဆုတောင်းမေတ္တာမက်ဆေ့ဂ်ျများ မရသည်လည်း ရှိ၏။ အေးစက်လေးလံတဲ့ကမ္ဘာဟာ မျက်လုံးတွေကတဆင့် ရှိသလို ထိတွေ့သမျှစုပ်ယူပူနွေးစေတဲ့ ဖြတ်ပိုင်းခန္ဓာကိုယ်လည်း ရှိ၏။ တိုးဝှေ့သန်မာလာတဲ့ ဒေသခံသစ်ပင်တွေ ရှိသလို ပွင့်ချင်တိုင်းပွင့်နေတဲ့ သချိုင်္င်းမြေလည်း ရှိ၏။ ပြောင်းတိုက်ချေးချွတ် နေရောင်ခြည်တွေ ရှိသလို ဒိုင်းညှောင့်ဒိုင်းညှောင့် ကြယ်ရောင်လရောင်တွေလည်း ရှိ၏။ အခန်းနံရံမှာ အာရုံကြောတွေ ရှိသလို အခန်းအပြင်မှာ အသွေးအသားတစ်ခုလုံးလည်း ရှိ၏။ ပေါင်မုန့်နဲ့၊ ဒိန်ခဲနဲ့ သေချင်တဲ့ကျား ရှိသလို ထမင်းကျန်နဲ့၊ ဟင်းကျန်နဲ့ ရယ်မောပြေးလွှား လွတ်တဲ့ငါးလည်း ရှိ၏။ အဲဒီခန္ဓာကိုယ်သေးသေးလေးမှာ အလေးလံဆုံးတွင်းထွက်ရတနာတစ်ပါး ရှိသလို စိမ်းမြမြမြက်ခင်းပြင်လည်း ရှိ၏။ ဒီအချိန်မှာ ဒီအတိုင်းပဲရှိသလို ကမ္ဘာဦးမှာလည်း ဒါပဲရှိ၏။

သိုးထိန်း(အန္တိမ)


2 Responses to “သီချင်းလုပ်ဆိုရင်း လေညင်းကို နားစွင့်နိုင်စေ”


  1. May 7, 2011 at 10:05 AM

    သီချင်းလုပ်ဆိုရင်း လေညင်းရှိသလို အဲဒီ့လေညင်းကိုလည်း စွင့်နိုင်တဲ့နားတွေ ရှိခဲ့ပါ၏။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: