ဇက်မထိ ပိုးမထိ နေထိုင်သွားလာတော့မယ့်
တီထွင်ထိုးထွင်းနိုင်တဲ့ အသိဉာဏ်ရှိ နွားကြီး ဆိုလား
သူတို့ဘဝတွေအတွက်
နွားတစ်ကောင်ရဲ့ တည်ဆောက်မှုဟာ
ဘယ်လောက်အရေးပါသလဲ
နွားတစ်ကောင် ဘဝအတွက်
သူတို့တွေရဲ့ တည်ဆောက်မှုဟာ
ဘယ်လောက်အရေးပါသလဲ
ဆယ်စုနှစ်တွေလည်း လွန်ခဲ့ပြီ
တစ်ကောင် နဲ့ တစ်ကောင် ဓါတ်သိမှုမျိုးနဲ့
နွားတွေဟာ သူတို့ရဲ့ ဘဝတည်ဆောက်မှုအတွက်
သူတို့ကိုယ် သူတို့ အရေး ပါပါနဲ့
ရေလည်က ထုံးအဖြစ် ဖြူလိုက်ကြတယ်
သူတို့ရဲ့ ဖြူလျော်နေတဲ့ လျှာတွေဟာ ဇက်မထိ ပိုးမထိ ရှင်းလင်းလို့
နွားဥယျာဉ်ဟာ နတ်ပြည်ရဲ့ရုပ်ပုံလွှာပေါ့
ဒီအသိတွေဟာ နွားတွေကို ဒီနေရာမှာပဲ အမြစ်တွယ်စေတယ်
ဦးနှောက်ကို ဟန့်ဟန့်နေတဲ့ နွားဟာ
ကိုယ်ထဲဝင်သွားပြီး တပ်မက်မှုတွေနဲ့ လှုပ်လို့
ငါတို့ရဲ့ ထာဝစဉ် နာကျင်သောချစ်ခြင်းများနဲ့ နယ်စပ်နွားများ
ပွင့်လင်းရာသီရောက်တိုင်း ချွေးသံရွှဲရွှဲနဲ့ နွားသုတ်သင်ရေးစခန်းမှာ
စကားမပြောနိုင် အလျှော့မပေးနိုင်
တစ်ကောင်ကို တစ်ကောင် မဖြတ်ကျော်နိုင်
နွားတွေအတွက် ယာဉ်ကြောပိတ်ဆို့စရာအကြောင်းဟာ
ကိုယ့် အကြောပေါင်း တစ်သိန်းခြောက်သောင်းနဲ့ ကိုယ် ရှူသွင်းလိုက်တဲ့ အမှတ်သညာ
ဆန့်ထုတ်မရ ဆိုင်းထားမရ အရွယ်သင့်၊ အရွယ်ငယ် နွားတွေဟာ
တာဝန်သိမှုနဲ့ တာဝန်ရှိမှုကို ရောထွေးလွှမ်းမိုးခံလိုက်ရတယ်
ပြုပြင်ပြောင်းလဲဖို့ နွား နွားချင်း ပေါင်းစပ်မှီတင်းချင်တာက ဗီဇအရပါ
လျှပ်စစ်မီးသုံးခွင့်မရတဲ့ နွားရဲ့စားလက်စ နံပြားများ စာသားများ
နွားတွေဟာ ပိုင်းစစိပ်မွှာချင်တာမဟုတ်ဘူး
ဆီမီးခွက်ထဲက လောင်စာဆီလို နွားတွေရဲ့ အာရုံငါးပါး
ဒါ…သွားရမယ့်လမ်း မဟုတ်ဘူးလို့ ကြွေးကျော်ကြ
နွားယဉ်ကျေးမှုဟာ မျိုမကျစရာတွေကို မျိုချပြနေရတာပဲ
ဟစ်အော်ငြင်းဆန်မနေနဲ့
အိုးမဲ့အိမ်မဲ့ နွားရိုးစုတွေဟာ သူတို့တွေရဲ့ တည်ဆောက်မှုနဲ့
ဘာစည်းရိုးမှ မခြားထားဘူး
ပါဝါဆိုတာ အသိနဲ့ပဲ ချိန်ထိုးရတဲ့ ၀န်းကျင်
ဆင်ခြေ မပေးနိုင်တော့ကာ နွားခြေတွေပဲ ဖျော်ဖြေရေးအဖြစ် ပေးခဲ့ပြီ
ပွင့်သော နွားကလေးများလည်း မီးဟုန်းဟုန်းကြစေ
သိုးထိန်း (အန္တိမ)
0 Responses to “ကိုယ့် ဘိုးဘေးတွေရော ပါသလားလို့”