01
Jun
12

ငါ့မှန်သည်သာ ငါ့ကမ္ဘာ

နိုင်ငံတော်ကြီး ဘယ်သူ့ဆီမှာလဲ မသိချင်ပါဘူး

ပြည်ပမှာ ရေကြည်ရာ မြက်နုဆိုတဲ့ စကားအတိုင်း ကျွန်မ

ခေတ္တအလုပ်လုပ်နေရပေမယ့် မျက်လုံးတွေ မှိတ်ထားပါမယ်

ဒီမိုကရေစီ မှာလည်း သုံးမရတဲ့ သစ်သားတုံးတွေ ရှိမှာပေါ့

ရေမသောက်နဲ့ လင်မနစ်သောက် ဆိုတာမျိုးကို သွန်သင်ဖို့ အားအင်တွေ

သီအိုရီတွေ၊ သင်္ကေတတွေ၊ နိမိတ်ပုံတွေ

ကျွန်မမှာ မရှိဘူး

နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက်

မီဒီယာတွေလိုပဲ ကျွန်မမှာလည်း မျက်ရည်မရှိဘူး

ယောက်ျားတစ်ယောက် ကျေနပ်အောင် ဖြည့်ဆည်းဆောင်ရွက်တယ် ဆိုတာတောင်

အင်နာဂျီလိုတယ်

ခေတ်အဆက်ဆက်မှာ မပြောဝံ့မဆိုသာ ရှင့် ပြည်သူလူထုကြီးကို ဆိုတော့

ခြေပေါင်းသိန်းသန်း လက်ပေါင်းကုဍေကုဍာ

လုံလုံလောက်လောက် မှာထားပြီးပြီလားလို့ မေးရင် မရယ်နဲ့ဦး

ပြည်သူတို့ရဲ့စစ်မှန်သော သဘောထားဆန္ဒဆိုတာ

ပြည်သားတွေ ပြီး ပြီးရော မလုပ်ဖို့ပဲ မဟုတ်လား

အားတက်ဖွယ်ရာနောက်တစ်နေ့ကို လိုက်ရှာဖို့ ရွေ့မနေပါနဲ့တော့ရှင်

လမ်းဆုံးကို မြင်တာ မမြင်တာ အရေးမကြီးဘူး

ဒီနေ့နဲ့ ဒီညကိုပဲ အဆင်းအတက်လုပ်ကြပါစို့

ဘဝဆိုတာ အရည်ရော အချင်းပါ ပြည့်ဝတဲ့

ကိုကာကိုလာဗူးတစ်ဗူးပါ

ဒီနေ့အဖို့ကတော့ ကားအို၊ ကားဟောင်း ရှိသူတိုင်း

စိတ်ကူးယဉ်တာ မဟုတ်ဘူးဆိုရင် နာကျင်တာတွေများသွားမလားမသိဘူး

တောမီးထဲက တောကြောင်တွေလို သန်းပေါင်းများစွာ

ဖြစ်ပျက်မှုများနဲ့ စွမ်းဆောင်ချက်တွေ ကျွန်မကြုံခဲ့

တိုက်ကြီးအပေါ် အဆင်သင့် တက်ထိုင်နိုင်တဲ့အခြေအနေနဲ့ ကျွန်မကြုံခဲ့

စစ်ဒဏ်ကြောင့် ပြေးလွှားလှုပ်ရှားနေရသူတွေ

အခုမှ ခြံစည်းရိုးခုတ်၊ တဲထိုးနေရတဲ့အခြေအနေကိုလည်း ကျွန်မကြုံခဲ့

ရှင့်ဆီမှာ ကျွန်မလို ကုန်းရုန်းထနေရတဲ့ တစ်ယောက်တစ်လေ

မအောင်မြင်တဲ့ အဖူးတွေနဲ့ ဖူးပွင့်ပြီးအာနေမယ့်

မလိမ္မာတဲ့ ညီမလေးတစ်ယောက်များ မရှိဘူးလား

သမိုင်းအဆက်ဆက်ကစပြီး ယနေ့အထိ သယံဇာတ ပေါကြွယ်ဝတော့

ကမ္ဘာကို မျက်ခြည်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြဖူးရဲ့

လေထဲမှာ ဘာမဆိုရှိနေတော့ ကျွန်မတို့ လေကိုပဲမှီဝဲနေကြတယ်လေ

လူ့ဘဝဆိုတာက ဘယ်လိုနေနေ

သဘာဝ ဓာတ်ငွေ့၊ ဆန်စပါး၊ ပဲမျိုးစုံ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ ပတ္တမြား

လု(ပ်)စားစရာကောင်းလောက်အောင် မွှေးအီချိုမြနေတာမျိုး

ဆိုးတာက ဆင်းရဲတွင်း

အိမ်ထဲကကြည့်လည်း ဒီပုံ

လမ်းပေါ်ကကြည့်တော့လည်း ဒီပုံ

ဂြိုဟ်တုကလှမ်းကြည့်လည်း ဒီပုံ

လာဘ်စားမှုနဲ့ပဲ မီးခိုးထွက်တတ်တဲ့စက်ရုံထဲမှာ

ခေါင်မိုးက မလုံရုံတင်မကဘူး၊ သွပ်ပြားကြီးပါ အချပ်လိုက်ကွာနေတော့

ကုန်ဈေးနှုန်းဟာ စကားပြောရင်သုံးဖို့ ပုံမှန်ကိစ္စတစ်ရပ်

ကျွန်မ ခြေတစ်လှမ်း လှမ်းရင် သူက ခြေဆယ်လှမ်း

သိပ်တော့ အရေးမကြီးဘူး  သွားနိုင်ဖို့ပဲ လိုတယ်

ဘယ်ကိုသွားချင်တယ်ဆိုတာကတော့ မသိဘူးပေါ့

ကျွန်မတို့ မူလအဓိပ္ပာယ်က အရွယ်ကောင်း သမီးပျိုလေးတွေ

ခုတော့ ကုန်ဈေးနှုန်းဒဏ်ကို မခံနိုင်တဲ့ ဇိမ်ခံပစ္စည်း

မနက်ခင်းအလင်းကို ရှင်းရှင်းမြင်နေရတာချင်းအတူတူ

မိသားစုငတ်နေတာကို မကြည့်ရက်လို့

ရှင်က သရဖူတစ်ခက်၊ ပန်းကုံးစင်ပြတ်နဲ့ အရက်တစ်လုံး

မုန်တိုင်းရှေ့က လာတဲ့လေပြေလေညင်းလိုပဲ

သားသမီးချင်း ကိုယ်ချင်း စာကြည့်တယ်

နေ့စဉ်ဘဝထဲ တိုက်ပွဲတွေက များလိုက်တာ

တစ်နွယ်ငင် တစ်စင်ပါဆိုသလို နတ်လူ သာဓု ခေါ်ကြပါတယ်

အဆင့်အသီးသီး၊ နယ်ပယ် အသီးသီး၊ နေရာအသီးသီးမှာ

ယုံကြည်ချက်ကြောင့် သားသတ်သမားဟာ သူမွေးထားတဲ့သား သူပြန်သတ်နေတာ

ဆည်ထဲမှာ ငါးတွေမရှိတော့ဘူးရှင့်

သစ်ရွက်ကလေးတစ်ရွက် စက္ကူစလေးတစ်စ ကအစ

ငါ့ဘဏ္ဍာတွေတော့ ကုန်ပါပြီလို့ ဝေဖန်သူတစ်ဦးတလေမှတော့ မကြားရပါဘူး

အမေကျော် ဒွေးတော်နို့စို့နေတဲ့ ပုခက်အတွင်းက ရှင့်ရင်သွေးလေး

တာဝန်ဝတ္တရားဟာ တာဝန်ဝတ္တရားအတွက် ကျေပွန်ရမယ် မဟုတ်လား

သြော် ကမ္ဘာကြီးပျက်စီးရမယ်ဆိုလည်း ထိုသို့သော ပုဒ်မနဲ့ လျော်ညီစွာ အားကိုးယုံကြည်ပါတယ်

 

သိုးထိန်း(အန္တိမ)

 

ကိုးကား။  ။

မမှားဘူးဆိုရင် ကမ္ဘာကိုဖျက်မှာ ရှင်နဲ့ကျွန်မ ၂ယောက်တည်း (ခရမ်းပြာထက်လူ)

နိုင်ငံတော်သမ္မတကြီးခင်ဗျား (ဆရာဝန်တစ်ဦး)


0 Responses to “ငါ့မှန်သည်သာ ငါ့ကမ္ဘာ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: