11
Jun
12

မေးခွန်းသတ်တယ်ဆိုတာ

အထက်နဲ့အောက်ဆိုတဲ့ ဒေါင်လိုက်ကန့်သတ်မှုထဲမှာ အလျားနဲ့ အနံ လူးသာလွန့်သာ သက်သာချောင်ချိရေးအတွက် လုပ်ခလစာ မလုံလောက်တဲ့ပြဿနာကို လျှပ်စစ်မီးထွန်းပြီး တောင်းဆိုရမှာလား? နေ့တိုင်းသာ လပြည့်ညဆိုရင်တော့လည်း လိုချင်မှလိုမှာပေါ့။ လရောင်က အားကောင်းတယ် ဆိုပေတဲ့လည်း မီးရောင်လောက်တော့ ဘယ်အားကောင်းပါ့မလဲ။ ပြောမယ့်သာ ပြောတာ။  ခရမ်းချဉ်သီးမီးလောက်ဆိုရင်တော့လည်း လရောင်ကတောင် ပိုလင်းမလားပဲ။ ပိုလင်းတော့ ပိုမြင်သာထင်သာရှိတယ်လို့ ပြောလို့ရမယ်။  ပြောလို့ရမယ်ထင်ပြီး ပြောနေပေတဲ့ ခုထိဘာတစ်ခုမှ မရသေးတာတွေကလည်း ဒုနဲ့ဒေးပဲ။  ဒါပေတဲ့ ပြောလွန်းလို့ ငှက်ပျောဖြစ်တယ်ဆိုလည်း  ပြောတဲ့သူတွေကတော့ ပြောတုန်းပဲ။ ဒီတော့ “ပြောင်းလဲတဲ့သူတွေသာ ပြောင်းလဲသွားတယ်။ မပြောင်းလဲတဲ့သူတွေက မပြောင်းလဲဘူး” ဆိုတဲ့စကားလိုပေါ့။ မပြောင်းလဲတဲ့သူတွေက မပြောင်းလဲဘူး။ လူ့သက်တမ်းက နှစ်တစ်ရာတမ်းဆိုတော့ ပြောင်းလဲဖို့ အချိန်မလောက်တာလည်း ဖြစ်မယ်။  နှစ်တစ်ထောင်တမ်းလောက်ဆိုရင်တော့ ပြောင်းလဲမှုကလွဲရင် အားလုံး ပြောင်းလဲနေတယ်ဆိုတာ ထင်သာမြင်သာရှိလာမှာပဲ။ သေသည်၏အခြားဘက်ထက် လွတ်လပ်မှု၏အခြားဘက်၌ ဘာတွေရှိမယ်ဆိုတာ သိတယ်မဟုတ်လား။ သိရင်လည်း သိနေလောက်ပြီ။ မသိရင်လည်း မသိလောက်ဘူး။ ဒါပေတဲ့ မရှိတာထက် မသိတာခက်တော့ မရှိတာပဲ ကောင်းပါတယ်။ ကောင်းတယ်ဆိုတာကလည်း မကောင်းတာတွေရဲ့ ကန့်သတ်ချက်ပြင်ပလို့ ဆိုလိုတာမဟုတ်ဘူး။  မကောင်းဘူးဆိုတာတွေထဲမှာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတဲ့သူတွေကလည်း မနည်းဘူးမဟုတ်လား။  သင့်အတွက် ကောင်းခြင်း A ဟာ သူ့အတွက် မကောင်းခြင်း A ဖြစ်နိုင်ပြီး  သင့်အတွက်မကောင်းခြင်း B ဟာ သူ့အတွက် ကောင်းခြင်း B ဖြစ်နေနိုင်တာပဲကိုး။ ရီလေတီဗီတီ ဘာညာ ဒီထက် ကြီးကြီးကျယ်ကျယ်ပြောလည်း ဖြစ်တာပေါ့။  ဒါတွေကလည်း ပြောတော့သာ လွယ်တာ။  တကယ့်ဘဝမှာ အပြောနဲ့ အလုပ် တထပ်တည်းကျဖို့ သိပ်လွယ်တာမဟုတ်ဘူး။ တော်တော်ခက်တဲ့ကောင်တွေပဲလို့ ပြောနေတာကတော့ တော်တော်လွယ်တဲ့ကောင်တွေပဲ။ ဘယ်လောက်တောင် လွယ်သလဲဆို ပေါင်မုန့်မရှိရင် ကိတ်မုန့်စား။  မီးမရှိရင် ဖယောင်းတိုင်ထွန်း။ အဲ့သလောက်ကို လွယ်တာ။ သေချာတာက ဘာမှမသေချာဘူး ဆိုတော့ကာ လွယ်တာတစ်ခုက ဘာမှမလွယ်ဘူးလို့ ပြောနိုင်တာပဲ။ မေရီအင်တွိုင်းနက်ဟာ ပါဝါမျက်မှန်မှာ စတစ်ကာအနက်ကြီးကပ်လို့။ ဘာ့သ်ဒေးကိက်ကြီးကို လှလှပပလှီးဖြတ်လို့။ ကျွန်တော်ကျွန်မတို့မှာ အပြစ်မရှိပါဘူး။  အပြစ်ရှိရင် နဲနဲမျှဝေပေးကြပါဦး ဆိုတော့ ရော့ ရော့ အပြစ်တော့မရသေးဘူး။  ကိက်မုန့်ပဲရမယ်။ ပစ္စည်းပြတ်နေလို့။ ပစ္စည်းပြတ်တယ်ဆိုပေတဲ့ လုံးဝမရှိတာတော့လည်း မဟုတ်ဘူး။  ရှားပါးတာ။ ရှားပါးတိရိစ္ဆာန်တွေလိုပဲ ရှားပါးပစ္စည်းတွေကို ရုံတင်ပြီးပြစားရရင် ကောင်းမလားပေါ့။ စဉ်းစားတယ်။  ဒါပေတဲ့ ရှားပါးပစ္စည်းတွေပါဆိုမှတော့ ဘယ်မှာ သွားရှာရမလဲမသိပြန်ဘူး။  အေးလေ။ ဒီလောက်လွယ်မှတော့လည်း တော်တော်လွယ်တဲ့ကောင်တွေ လုပ်နေကြရောပေါ့လို့ ကောက်ချက်ချလိုက်ရတယ်။ ဒါကြောင့်လည်း သူတို့က ငါတို့ကို တော်တော်ခက်တဲ့ကောင်တွေပဲလို့ ခဏခဏပြောဆို သတိပေးနေရတာကိုး။ အမှန်ကတော့ ပြောရိုးပြောစဉ်တောင် ဖြစ်နေပြီ။ များများပြောပြီး နည်းနည်းလုပ်တာမျိုးဆိုတော့ လုပ်ရိုးလုပ်စဉ်တော့ မရှိသေးဘူး။ မရှိပေတဲ့ တကယ့်အနေအထားမှာ ဆက်စပ်မှုရှိလာတဲ့အခါ ဘာလုပ်လို့ ဘာကိုင်ရမယ်မသိတော့ အရှေ့အလယ်ပိုင်းလို သူ့ ကိုယ်ဆော်၊ ကိုယ့် သူဆော်။ ပျော်ရဲ့လားဟေ့ မောင်တို့ရေ ဆိုရင်တော့ ပျော်တယ်ဟေ့  ပျော်တယ်ဟေ့လို့ ဘယ်သူဖြေမှာလဲ။  အမေးတိုင်းအတွက် အဖြေတစ်ခုက အဆင်သင့်ရှိနေတာမှမဟုတ်ပဲ။ အမေးနွားကျောင်းသား အဖြေဘုရားလောင်းဆိုတော့ နောင်ဘုရားပွင့်တော်မူသည်ထိတော့ စောင့်ရမှာပေါ့။  စောင့်တယ်ဆိုပေတဲ့ Waiting for Godot တော့ မဟုတ်လောက်ဘူးရယ်။

သိုးထိန်း(အန္တိမ)


0 Responses to “မေးခွန်းသတ်တယ်ဆိုတာ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: