12
Jun
12

စိုင်သီး

‘နဂါးငွေ့တန်း’ဟု ခေါ်သည့် အလယ်ခေါင်က လွန်းပျံယာဉ်သွားတဲ့လမ်းမကို ကျွန်ုပ်တို့နှင့် အနီးဆုံး မြင်ရတဲ့ဘက်က လှမ်းကြည့်နေမိကြတယ်။ ကျွန်ုပ်တို့က အင်န်ဒရိုမီဒါ အဆောင်ပေါ်က။ နှစ်ပေါင်း လေးဘီလျံအတွင်း အဆောင်မှာ ကျောင်းသားတွေ မရှိသလောက်ပဲ။ မျက်နှာချင်းဆိုင်အရပ်မှာ ဂုံးကျော်တံတားစီမံကိန်းစကတည်းလောက်က ဖြစ်တယ်။ မြန်နှုန်းမြင့်လွန်းပျံယာဉ်များအချင်းချင်း တိုက်မိနိုင်သည့် လမ်းကြောင်းတစ်ခုပေါ်တွင် ရှိနေကြောင်း လေနှင့် လေဟာနယ်ကြောင်းပျံသန်းမှု နှင့် အာကာသ ကွပ်ကဲရေးအဖွဲ့၏ ထုတ်ပြန်ချက် မရှိဘူးလို့ပဲ ဆိုကြပါစို့။ ဧရာမစာမေးပွဲစုကြီးတွေ ပြီးလို့ အိမ်ပြန်စရာ လမ်းစရိတ်မရှိတဲ့ ကျောင်းသားတွေ ကိုယ့်အရပ် ကြယ်စုကြီးများဆီကို မပြန်နိုင်ဘဲ အဆောင်မှာ သနားခွင့်တင်ပြီး နားလည်မှုနဲ့ နေတဲ့ ကျောင်းသားတစ်ယောက် နှစ်ယောက်ပဲ ရှိတယ်။ ဒါကလည်း နှစ်ပေါင်း ခြောက်ရာကိုးဆယ်ဘီလျံအတွင်း ဖြစ်တောင့်ဖြစ်ခဲ ဆိုတာမျိုးတွေပါ။ လွန်းပျံယာဉ်များ ထိဆောင့်မှုပြင်းထန်ပုံနှင့် ထိဆောင့်မည့်ကာလ မသိရှိကြရသေးသဖြင့် ဘာမှလုပ်စရာမရှိတော့ အဆောင်ရဲ့ အပေါ်ဆုံးအထပ်မှာ မီးမထွန်းဘဲ ထိုင်နေကြရင်း မီကီဝေးကို ငေးမောမိကြသည်။ အဆောင်မှူး မိသားစုလည်း ဘီယာသောက်နေကြတယ်။ ကျွန်တော့်သူငယ်ချင်းက အဆောင်ကျူတာ။ သူ့ အလားအလာကို နက္ခတ္တဗေဒပညာရှင်များ တွက်ချက်ခန့်မှန်း ထားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ နေဝင်စကတည်းကပဲ ဆိုပါတော့။ ယနေ့သော် နေပတ်လမ်းကြောင်းထဲရှိ ဈေးမှ ပေါပေါလောလောရတဲ့ ကြက်ရိုးတွေ၊ တောင်ပံတွေ တစ်ပုံကြီးဝယ်လာပြီး ထမင်းဟင်း ချက်မယ် ပြောတယ်။ နာဆာအဖွဲ့မှ လွှတ်တင်ထားသော ဗူးခင်းထဲက အလွန်တိကျအားကောင်းသည့် ဗူးသီးတစ်လုံးလည်း ဝယ်လာသည်။ နောက်တော့ ဟပ်ဘယ်လ် အာကာသမှန်ပြောင်းဖြင့် စပါးလင်နိုင်နိုင်နဲ့ ကြက်သား ကာလသားဟင်း ချက်တယ်။ ကျွန်တော့် သူငယ်ချင်းနဲ့ အဆောင်စောင့်ကြီး စိုက်ထားတဲ့ အရိုးတွေ ကိုက်ရင်း ဘီယာသောက်ရင်း တောပြော တောင်ပြော ပြောဖြစ်ကြတယ်။ ပြောတာမှ အစုံပဲ။ ကြက်ရိုးဆိုပေတဲ့ အမွှေးချည်းပဲလို့လည်း ပြောဖြစ်သည်။  အစုံဆိုပေတဲ့လည်း နေ့စဉ် ဘဝနဲ့ ဆိုင်တာတွေ သုံးဘီလျံစာလောက်ပါပဲ။ တကယ်တမ်းကျပြန်တော့ ထူးထူးခြားခြား အကြောင်းတွေ မရှိလှဘူး။ မြန်နှုန်းမြင့်လွန်းပျံယာဉ်များ ရွေ့လျားမှုကို လေ့လာချက်များအရ တချိန်ချိန်တွင် ကျွန်ုပ်တို့၏ အင်န်ဒရိုမီဒါအဆောင်ကြီးနှင့် မျက်နှာချင်းဆိုင်တိုက် ပြီးနောက် ကျွန်ုပ်တို့ အခြေအနေမှာ သံသယဖြစ်စရာမလိုလောက်အောင် သေချာနေပြီဟုလည်း ပြောဆိုဖြစ်သည်။ မွေးတာရယ်၊ သေတာရယ်၊ ချစ်တာမုန်းတာတွေရယ် ပြောရပြန်ရင် ထိဆောင့်မှုပေါ်ပေါက်ရန် နှစ်ပေါင်း လေးဘီလျံ စောင့်ရဦးမည်။ ဖြစ်ရိုးဖြစ်စဉ်ထက် ပိုဝမ်းသာချင်ယောင်ဆောင်ပြီးမှ ကျွန်ုပ်တို့အလွယ်တကူ မြင်တွေ့နေရသော ရှည်မျောမျောသဏ္ဌာန် အဆောင်ကြီးတစ်ခု အဖြစ်သို့ ပြန်လည်ဖွဲ့စည်းဖြစ်တည်ရန် အတွက်လည်း နောက်ထပ်နှစ်ပေါင်း နှစ် ဆယ်ဘီလျံ ကြာမြင့်ဦးမည်ဖြစ်သည်။ သဘာဝတရားအတွင်းမှ ကြယ်များမှာ တစ်လုံးနှင့်တစ်လုံး ဝေးလွန်းနေ၍ အချင်းချင်းတိုက်မိနိုင်ကြမည် မဟုတ်သော်လည်း တွေးပြီး အနက်ဖော်တာကိုက လူရဲ့လွတ်လပ်ခြင်းပဲ။  ဒါကြောင့်လည်း လွတ်လပ်ခြင်းဆိုတာဟာ ပုဂ္ဂလကြယ်စုရဲ့ အလယ် ဗဟိုချက် ပတ်လမ်းများဆီက အတွေ့အကြုံပဲ။ တစ်နာရီ မိုင် ၂၅၀,၀၀၀ (ကီလိုမီတာ ၄၀၂,၀၀၀) နှုန်းဖြင့် တစ်နည်းအားဖြင့် မြေကမ္ဘာမှ ‘လ’ဆီသို့ တစ်နာရီဖြင့် အရောက်သွားသည့် မြန်နှုန်းဖြင့် ဒီအကြောင်းတွေကို ထည့်မစဉ်းစားတဲ့လူနဲ့ ထည့်စဉ်းစားတဲ့လူ ကွာသွားတာပဲ။ ဒါပေတဲ့ မစဉ်းစားလည်း သေတော့ သေမှာပဲ။ သေသွားတဲ့လူတွေမှာလည်း ချဉ်းကပ်စရာအကြောင်းကတော့ ကျန်ရစ်တတ်တာပဲ။ သူငယ်ချင်းနှစ်ယောက်သား စကားပြောနေတဲ့အထဲမှာ ဘေးတိုက်ရွေ့လျားမှုများပေါ်တွင် အခြေခံနေသော လူဆိုပေတဲ့ လူနဲ့သိပ်မတူတဲ့လူတွေအကြောင်း လည်းပါသည်။  ဤသည်ကို သိပ္ပံပညာရှင်များ နှစ်ပေါင်း ၁၀၀ဘီလျံကျော် ကြာသည်အထိ မခန့်မှန်း မသိရှိနိုင်ခဲ့ကြပေ။ ကျွန်တော်တို့နှစ်ယောက် ဟပ်ဘယ်လ်မှန်ပြောင်းမှ နောက်ဆုံး ကြက်ရိုးကို ကိုက်ရင်း ဘီယာသောက်ရင်း စကားပြောနေတာဟာ ဘာစည်းကမ်း ဘာနည်းလမ်းနဲ့မျှ ရွေးချယ်ထားတဲ့ လမ်းကြောင်း မဟုတ်ပါဘူး။ အတော်ကလေး ကြာလာတော့ ကျွန်တော့်သူငယ်ချင်းက အာကာသ အဝေးကြည့်မှန်ပြောင်း သိပ္ပံဌာနမှ ဟိုကောင်မကလေးရော ရှိသေးလားလို့ မေးတယ်။ သူမေးလိုက်တာဟာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့စဉ်က ‘တိမ်တိုက်ကလေးတစ်ခု’ (a little cloud) အဖြစ်သာ အမည်ပေးခဲ့သည့် ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော် သိလိုက်တယ်။ “သေသွားပြီလို့တော့ ကျွန်တော် မကြားမိသေးဘူး”လို့ ကျွန်တော်က ဖြေလိုက်တော့ သူက “ဟာဗျာ အဆိုးဝါးဆုံးမြင်ရတဲ့ ဂြိုဟ်ခွင်တုစက်ထဲ မှာတောင် M31 က ကျွန်တော့်ရင်ဘတ်ကို တည့်တည့် တိုက်လိုက်တာ ကြယ်တွေအားလုံး ပတ်လမ်းအသီးသီး တွေဆီကို လွင့်စဉ်သွားကြတာတွေ့ရတယ်” ဟု ဆိုသည်။ တစ်ခါတလေ သူတို့အကြောင်း တွေးလိုက်မိတိုင်း နဂါးငွေ့တန်းထဲ သရက်သီးကင်းလေးများ လေတိုက်ပြီးကြွေတာကို ပြန်မြင်ယောင်မိသည်။

သိုးထိန်း(အန္တိမ)

ကိုးကား။  ။ လရောင်အထဲကလူ (မြင့်သန်း)


0 Responses to “စိုင်သီး”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: