07
Oct
12

ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၂၁)

နေ့ည နှလုံးခုန်သံလို စားဝတ်နေရေး

ကုန်ဈေးနှုန်း တဂျုန်းဂျုန်းနဲ့ပဲ ဘဝ

ငါတို့ကို ငါတို့ ပြုလုပ်ကြရတယ်

မြက်တစ်ဆုပ်ကို ပါးတစ်ခြမ်းလုံးရွဲ့သွားအောင် ကိုက်စားရခြင်း

လေတစ်မူးဖိုး ပိုရှူဖို့ တစ်ရုပ်ပေါ်တစ်ရုပ် ချစ်မှုပြုနေသလို

အပြင်မိုးလေဝသနဲ့ ဘာမှ မတွေးဘူး

အတွင်းမိုးလေဝသနဲ့ ဘာမှ မခံစားဘူး

ငါတို့မှာ ဘဝမရှိဘူးတဲ့လား (ငါတို့ လွတ်မြောက်ပြီ)

ငါ့သင်္ကေတ အမှတ်အသားတွေ တင်းတင်းရင်းရင်း ဖြစ်နေကြောင်း

ငါ့လှိုင်းလုံးတွေ ငါ့စိမ်းလန်းတဲ့ နေရောင်ခြည်တွေမှ တဆင့် သတင်းရ

ယာယီရပ်နေလို့ရတဲ့ ဂူနံရံဝမ်းဗိုက်တွေ၊ သွေးလည်ပတ်မှုတွေ

ယဉ်ကျေးမှုပေါ်မှာ ဘာသာစကားနဲ့တည်ဆောက်ထားတဲ့ သွေးသား

လေတွေ၊ မိုးတွေ၊ နွေတွေ၊ ဆောင်းတွေ

ပျော်ရွှင်မှု မိုးကြိုးသွားမှာ ငါဟာပြာလဲ့နေတဲ့ မြူ

တစ်ယောက်နဲ့တစ်ယောက် ဆာဆာလောင်လောင်

အရိုးတွေ၊ အသားတွေ ပေးတယ်

ကြွက်သားတွေ၊ အရေပြားတွေ ပေးတယ်

သွားကြားထဲက သမိုင်းတွေ ပထဝီတွေ

ကိုယ်စီမောင်းနှင်အားတွေနဲ့ ယာဉ်ကြောပိတ်ဆို့

ဂေဟစနစ်တစ်ခုကို ပြင်ရလွန်း၊ ဖျက်ရလွန်း

ဘာလဲကွာ စစ်မှန်မှုတန်ဖိုး

မျိုးတုန်းမယ့် အန္တရာယ်ကျရောက်နေတာ

လက်မောင်းတစ်ဖက်ပဲ ဆန့်တန်းပြီး လမ်းကူးလို့

ရောမန္တိကသံလိုက်စက်ကွင်းကြီးတစ်ခုလုံးရဲ့ ပဲ့တင်သံ

ဝန်ဆောင်တိရိစ္ဆာန်နီးပါးပါပဲ

မူလတိုင်းရင်းသားရဲ့ …

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသားစ

စမ်းသပ်သိမှုရဲ့ ရာသီဥတု

အောက်ဆီဂျင်ပြည့်ဝသွေးတွေ

ထူပိန်းမှုတွေထဲက အချစ်

ကျင်းကြီးကြီးတူးထားတဲ့ လူမှုစီးပွားရေးရဲ့ ခန္ဓာ

အသေခံဗုံးဖောက်ခွဲရေးသမားရဲ့ သစ္စာလေးပါး

တစ်ယောက်ဟာ မော်လီကျူးတွေထဲက ဈေးကစားတယ်

တစ်ယောက်ဟာ မော်လီကျူးတွေထဲက ဈေးခေါ်တယ်

လေဖိအားတိုင်းစက်အရ ယဉ်ကျေးမှုဟာ ကျလိုက် ကျလိုက်

တစ်ယောက်မျက်နှာ တစ်ယောက်ခွာကြည့်

“ ခဏနေ မိုးရွာတော့မယ်”

စာနာမှုနဲ့ ဆာလောင်မှုဟာ လှမ်းထားတဲ့ သီးခြားတိမ်တွေ

ဟန်ဆောင်ဖုံးကွယ်မှုရှေ့မှောက်မှာ

အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်

တကောက်ကောက် လှုပ်ပြီး ပါသွားရအောင်

ငါကလည်း ဒါမျိုး ကြိုက်တတ်တယ်

နားထဲ တံတွေးတစိုစိုနဲ့

ကျွန်မလည်း ရှင့်အလိုအတိုင်းပါပဲ လို့

နောက်တစ်ကြောင်း

မြွေတွေလို လဲစရာမရှိတော့ ရှိတဲ့အခွံနဲ့ပဲ

ငါတို့ကိုယ်ငါတို့ အတွင်းစည်းအပြင်စည်း ဖြိုဖျက်ရင်း

တဂျုံးဂျုံး

 

သိုးထိန်း (အန္တိမ)

မှတ်ချက်။  ။         ဇေယျာလင်း၏  ရွေ့လျားခြင်းရဲ့ အဓိပ္ပါယ်/ အဓိပ္ပါယ်ရဲ့ရွေ့လျားခြင်း (ကီလီမန်ဂျားရိုး) နှင့် ရွှေသမင်ကျော့ကွင်းမှာ ငါ့ကို ငါမိ (ကဗျာဆိုတာ ပြုလုပ်ခြင်း) တို့ကို intertextualize လုပ်ပါသည်။


0 Responses to “ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၂၁)”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: