အတွေးတွေနဲ့ ဘယ်မှရွေ့မသွားတဲ့ ဆိုင်းဘုတ်
နောက်ဆုံးတော့ ဖျတ်ကနဲ ပျောက်သွားနိုင်သလို
နံနက်ခင်း ကိုအသာအယာ ပွတ်သပ်နေရင်း
ကောင်းကင်ပြာပြာ သာယာရေချိုးခန်းထဲ
တစ်စုံတစ်ရာကို စောင့်ဆိုင်းနေတဲ့ အလယ်မှာ
လေကောင်းလေသန့်တွေ အသစ်ထည့်သွင်းထားတဲ့ ပါးစပ်ပေါက်ကြီးနဲ့
ကြီးမားကျယ်ပြန့် ဗိုက်ပူကားကြီးကို တအိအိ…
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တဲ့ မီးကို
ခံစားချက်တွေထည့်ပြီး ကျယ်ကျယ်ဖွင့်
ပန်းဝါ၀ါလေးတစ်ပွင့်ဟာ လက်ခလယ်သားကို နေရောင်မှာထောင်
ကြည့်ပြီး တစက်စက်ပျော်နေတဲ့ အရှိတရားပေါ့
စကားလုံးတွေနဲ့ ဘတ်စ်ကြီး ငါနဲ့ဘာမှမဆိုင်သလို မီးလောင်သွား
မိန်းမတွေဟာ ကလေးတွေရဲ့ အမေတွေမဟုတ်ကြဘူး
ကယ်သူမရှိတဲ့ အားကစားပါ
ရေနံတွင်းနံရံ ပြိုပျက်ခြင်းဟာ အသံကုန်အော်ပြီးမှ
သစ္စာကလေးကို ပိုက်ဆံပေးပြီး ငှားထားတာဆိုတာကို သိရတော့
အကောင်းမြင်ဝါဒ နဲ့ ပတ်သက်လို့ အမိုးအကာကို ပြန်မပြင်နိုင်တော့
ဘဝဟာ မဖွယ်မရာများဖြစ်လေမလား
ကြမ္မာဇာတ်တစ်ပုဒ်ရဲ့သတ္တိကို အရသာရှိလိုက်တာလို့
ဘယ်သူက တအိအိနဲ့ အရသာခံပြီးပြောမလဲ
တခြားကျယ်ပြန့်တဲ့ တကယ်လွတ်လပ်တဲ့ အရှိတရားထဲမှာရော အရသာရှိမလား
အားလုံးဟာ လိင်ကြောင့် ဖြစ်ရတာဆိုရင်
တော်လှန်ရေးပန်းခြံရှေ့က မိန်းမတစ်ယောက်ကို ပန်းရောင်းနေတဲ့ ငနဲဟာ
လူမှုဆက်ဆံရေးပရိယာယ်တွေနဲ့ ရင့်သီးနေတဲ့ သင်္ကေတလား
ချက်ပက်လက် ဘတ်စ်ကားဟာ တလိမ့်လိမ့် ချက်တွင်းထဲ မြုပ်ဝင်သွားတယ်
မီးပွိုင့်တိုင်းလိုလိုဟာ အမည်မပေါ်တဲ့ နယ်ခြားမျဉ်းကြောင်းလား
“ဆီအလုံအလောက်” ဆိုသော သွေးလည်ပတ်မှု
မှောင်မဲနေတဲ့ အတိတ်ထမင်းချိုင့်ခွက်တွေထဲကနေ
ပစ္စုပ္ပန်ထိ ကွန်ကရစ်လောင်း
အနာဂါတ်ကို ပိုက်လိုင်းထဲသွင်းပြီး မြေမြှုပ်
ထားလိုက်သည်
တောင့်တခြင်း အရေပြားက တင်းခနဲ ဖြစ်သွားသည်
ပစ္စုပ္ပန်တည့်တည့်သို့
နှေးသည်လည်းမဟုတ် မြန်သည်လည်းမဟုတ် ဆက်လက် ခုတ်မောင်းလာခဲ့ပြီ
ယာဉ်သွားယာဉ်လာများကို မျက်လုံးစုံမှိတ်ရင်း
အိမ်ယာထူထောင်ခြင်းအမှုထက် တံဆိပ်ချင်းတူရာစု
အရိုင်းဆန်တဲ့အပူဓာတ်ကို တ၀က်လက်လွတ်ကွင်းဆက်တွေ အဖြစ်
ကြိတ်မှိတ်ပြီး သဘာဝအဆုံး ရှိတာလေးနဲ့ ရိုးရိုးအေးအေး စခန်းသွား
ကြီးကျယ်မှုမှန်သမျှနဲ့ မီးလင်းတဲ့အရွယ်မှာ သူရောက်သွားတဲ့နေရာဟာ
ကောင်းကင်ဘုံရဲ့ ခြုံထူ နွံပေါ ဆူးပင်တွေ ငေါငေါထွက်တဲ့ အရပ်ဖြစ်တယ်
ဝလုံးလေးတွေကို ၀ိုင်းအောင်ရေးတတ်တော့မှ
လွတ်လပ်ရေးမှာ “ဝ”ဟာ အဆွဲခံလိုက်ရပါလားလို့ သိသွားတဲ့ တရုတ်ကြီးလို
နောင်တစက်စက်ယိုနဲ့ ခန္ဓာမြေဇာပင်များ
သိုးထိန်း (အန္တိမ)
နောင်တစက်စက်ယိုနဲ့ ခန္ဓာမြေဇာပင်များ