20
Aug
13

လက်နဲ့မြေကြီး လွဲပြီးရင်းလွဲ

လွတ်လပ်ရေးဆိုတာ တိုက်ယူမှ ရမယ်ဆိုလို့

ကိုယ့်လက်ဖဝါးပေါ်မှာတင် ခြောက်သွေ့အငွေ့ပျံသွားတဲ့ တဒင်္ဂ လွတ်လပ်ရေးတွေ

စက္ကူပေါ်မှာ တစ်သက်လုံးလက်ခံထားတဲ့

ခြောက်ခြောက်ကပ်ကပ် အပြုံး

တစ်ချက်တည်းနဲ့ ကျင်းဝင်သွားခဲ့တယ်ဆိုတာ ဂုဏ်ယူစရာလို

တလွဲ ဆံပင်ကောင်းလို့တော့ ဘောင်းဘီဖောင်းတာပဲ အဖတ်တင်နေမယ်

 

ကျင် ဆိုတာနဲ့ စိုးရိမ်ရတဲ့အခြေအနေမဟုတ်တော့

သူ့ကမ္ဘာနဲ့သူ ပြားချင် ပြား လုံးချင်လုံး

ဒိုင်ယာရီ အဟောင်းလေးပြန်ဖတ်ပြီးမှ ပြန်အမှတ်ရဖို့လည်း

မရှိတော့ မိသားစုအတွက်

စိတ်ချမ်းသာပျော်ရွှင်ဖို့ရာ နောင်တမရပါဘူးဆိုတော့

ပြင်ပပေါက်ဈေးနှုန်းအရ ဘုန်းကြီးပျံဘယ်လောက်ဖြစ်နေမလဲ

 

အခြား ရွေးချယ်စရာလမ်းမ

ရှိတဲ့ဘဝမှာ မရှိတာကို တမ်းတာလွမ်းမောရန်ဖြစ်ဖို့ မတတ်နိုင်

မည်သည့်အရာမျှ အညွှန့်မပါရင် လိုသလိုပုံမသွင်းနိုင်တာ

လည်ပြန်ထက် ဖင်ပြန် ခက် ခက်သကိုးလို့

အမှန်အတိုင်းရွတ်ကြည့်တဲ့အခါ ထောင့်ချင်လည်း ထောင့်နေမပေါ့

 

ကဗျာဟာ လူကြုံနဲ့ ပါလာတတ်တဲ့ အတင်းစကား

နတ်ပြည်သွားမယ့် အရုပ်ကလေးတွေအလို အရ

နတ်ပြည်သွားကြမယ်ပေါ့

အရေးမပါတဲ့ အတိုးနှုန်းတစ်ခုကို ဖတ်ပြဖို့ မဖြစ်နိုင်တော့

ကမ္ဘာကြီးပူနွေးလာသလောက် သင်ဟာငါ့ကို ပူပန်စေမယ်မထင်ခဲ့

 

အာကာသ ငရုတ်ဆုံဝိုင်းထဲ ပြန့်ကျဲဆင်းသွားတဲ့ ငရုတ်ကောင်းတွေ

မိုးလေဝသဋ္ဌာနအလိုအရ မနက်ဖြန်ကျမယ့် မုန်တိုင်းမှာ

လောကမာန်အောင် တိမ်တချို့ ကြံရာပါ

အခုလက်ရှိရိက္ခာတော်ရ ဆရာကြီးတစ်ပါးအလိုအရ

ပိုမိုဝန်လေးစေတာထက် ပိုမိုတာဝန်မယူနိုင်တော့တာ မဖြစ်စေချင်လို့ပါ ပေါ့

အဆက်အစပ်ရှိမှ အဆီအငေါ်တည့်မှ ကျွဲလို အော်ကြတော့ကာ

အကြိမ်ပေါင်းများစွာ တဘူးဘူးဟစ်ခံခဲ့ရခြင်းအပေါ်မှာ

လျှို့ဝှက်ထားတဲ့ ရင်းနှီးသူချင်းမြုပ်နှံမှုပဲလို့

ဗွက်အိုင်တွေထဲ လမ်းဆင်းလျှောက်သလို နေထိုင်ပြောဆိုလိုက်ရုံ

 

အမှတ်အသားတွေ ဘယ်မှာထားခဲ့သလဲ

ကြွားပြလိုက်ချင်လွန်းလို့ တစ်ခါတစ်ရံ မင်းဟာမီးကို မွှေးခဲ့

သမိုင်းထဲက နင်းပြား လှေကားဟာ အ ထစ် အ ထစ်

ရေများ ရေကြီး၊ မီးများ မီးလောင်ပဲ

အလင်းဆိုတာ အလံနဲ့ဖုံးလို့ရတဲ့အရာ

တက်ကြွမှုဟာ သစ်မြစ်တွေလို မြေကြီးထဲနစ်သထက်နစ်ဝင်

ဗဟိုယဉ်ကျေးမှုရဲ့ကိုယ်ပိုင်စကားလုံးဖြစ်တဲ့

ခွေးပြ ပေါင်မုန့်တောင်း

လက်ဖက်ကလေး တစ်ကော်လောက် အသာတို့

ဆေးရိုးကလေး တစ်ဖွာငုံ

အမှန်တရားဆိုတာကလည်း ဘယ်လိုအကြောင်းပြပြ

မကျည်းပင်ထိပ်ဖျားက ဖြာကျနေတဲ့ နေရောင်ခြည်မဟုတ်ဘူး

 

လိုတာမှန်သမျှ မျိုစရာမကျန်ရလေအောင်

လွှတ်တင်ထားတဲ့ လေစီးကြောင်းကြီးတွေ

သင့် နံရံပေါ်မှာရေးထားတဲ့ ပျော်စရာအတိတ်ကို

သင်ပြန် တူးဆွလို့မရမှန်း

ဝပ်ရှော့တွေ ဆွေးနွေးပွဲတွေ တက်ရောက်ရင်းတဖြည်းဖြည်း သိလာခဲ့ရင်

တောင်တန်းတစ်ခုပေါ်မှာ တောင်တန်းနောက်တစ်ခုရှိနေတတ်တာ သိလာခဲ့ရင်

ဒါဟာ ရေနွေးပူနဲ့ လောင်းတာပဲလို့

ကိုလံဘီယာ ဓာတ်ပြားထဲက ထွက်လာတဲ့ သံနေသံထားကြီးနဲ့

ကြံကြီးစည်ရာလို့

ကျန်းမာစွာ တစ်ချက်တည်း ပမ်းထွက်သွားမယ်

ဟုတ်တယ် မဟုတ်လား မင်းမျက်နှာ

 

သိုးထိန်း (အန္တိမ)

 


0 Responses to “လက်နဲ့မြေကြီး လွဲပြီးရင်းလွဲ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


categories

archives


%d bloggers like this: