24
Jul
14

အဖိတ်နေ့

ဆိုးထားတဲ့ နှုတ်ခမ်းနီပါးပါး
ဝတ်ထားတဲ့ ဂါဝန်ပါးပါး
ခေါင်းထက်က ဆံပင်ကအစ
လက်ကျန်သက်တမ်းတောင် ပါးပါးဖြစ်နေတဲ့
မသ မတ ကြီးကို ခုလို
နိုင်ငံတကာ ပလက်ဖောင်းပေါ်မှာ
လာပါဦး လာပါဦးလို့ တစာစာ ခေါ်နေတာတွေ့ရတော့
တကယ် စိတ်မကောင်းဘူး
ဖိတ်ချင်းဖိတ် ကိုယ့် ခရိုနီတွေထဲပဲ ဖိတ်စေချင်တာပေါ့

အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့
မျက်လုံးလေးမှေးစင်းပြီး သူ့ကို ခြုံကြည့်လိုက်တော့
ဆယ်ထပ်တိုက်ပေါ်က ခုန်ချချင်စိတ် ပေါက်သွားတယ်
ပြုတ်ကျလာတဲ့ တလျှောက်လုံး ဘာတစ်ခွန်းမှ မပြောဘဲ နှုတ်ဆိတ်နေသွားလိုက်မယ်
စိတ်ကူးနေရင်း

ဟင်္သာကိုးသောင်း ထပျံပြေးသွားတယ်

ရွှေဂုံတိုင်တံတားပေါ်ကနေ Excel ဟိုတယ်ထဲ တန်းဝင်သွားမယ့်
အလိုတူ ငွေပါ တစ်ယောက်ယောက်ကို မျှော်ရင်း
ထပ်ကျော့ဇာတ်လမ်းတွဲတစ်ခုထဲမှာ နေထိုင်ရတဲ့ ဘဝဟာ ဘယ်လောက်ပျင်းစရာ ကောင်းကြောင်း
သူ့ အပျိုစင်ဘဝကို နတ်ဖွက်သွားတဲ့ အကြောင်း
အစပိုင်းမှာ ချမ်းသာတဲ့မိသားစုတစ်ခုက မင်းသားလေးတစ်ပါးကို မျှော်မိခဲ့ကြောင်း
ဟိုတယ်ခန်းထဲမှာ မအိပ်ဘဲထိုင်ကြည့်ဖြစ်တဲ့ ဆီမဆမ်းထားတဲ့ လမင်းကြီးအကြောင်း
ဒီမိုကရေစီဆိုတာ သူ့အတွက်တော့ လမ်းကြောင်းမှန် မဟုတ်ကြောင်း

အဲဒီလိုနဲ့ ဘယ်သူမှမသိလိုက်ဘဲ
ဆိုဗီယက်တပ်တွေဟာ ယူကရိန်းထဲ တစစ ဝင်ရောက်ခဲ့တာပါ
နဂ္ဂတစ်တွေထဲမှာတောင် သူတို့ဟာ သက်ဝင်တောက်ပလို့ပေါ့
မြစ်ဆုံမှာ သူတို့ ရေ ဆင်းချိုးကြတယ် ရေ ကစားကြတယ်
ပျော်လွန်းလို့ ဒက် ဒက် ဒက် နဲ့ အော်ရယ်ကြတယ်
ဒီထက်ပျော်လာတော့ မိုးပေါ်က မဲမဲမြင်သမျှကို မြှောက်လေးဂွနဲ့ လှမ်းပေါက်ကြတယ်
ကျလာတာက ဖြူဆွတ်ဆွတ်လေယာဉ်ပျံဖတ်တွေ

သူုတို့ Road to Mandalay ဆိုပြီး ဆက်ချီတက်သွားကြတယ်

ဘယ်ဒေသမှာမဆို သေနတ်ပစ်တတ်ရင် စစ်တိုက်လို့ရတယ်လို့
တောင်ပေါ်မြေပြန့် မခွဲခြားတဲ့ သူတချို့က ပြောခဲ့ဖူးတာလား
ဓါးသွားထက် ကလောင်သွားထက်တယ်ဆိုတဲ့ခေတ်ကြီးပြီးတော့
သေနတ်ကိုက်လက်ထက် ကီးဘုတ်ကိုင်လက်က ပိုထက်တယ်ဆိုတဲ့ခေတ်တစ်ခေတ်

Excel ထဲမှာ ဇယားတွေဆွဲတဲ့ခေတ်ဟာ ဘယ်တော့မှ ကုန်မယ်မဟုတ်ဘူး

အမြင့်ကြောက်တဲ့စိတ်နဲ့ အောက်မှာပဲ အမြဲနေခဲ့သူတစ်ယောက်
သူ ငုံ့ကြည့်စရာ ကုတင်ရွှေနန်းပဲ ရှိတော့
အောက်ကမြင်သာ/ထင်သာ မရှိခဲ့ရင် မသ မတ ကြီးတော့ ဒုက္ခပဲလို့
ခရိုနီ ကောက်ကြောင်းတလျှောက်
မွေးညင်းပေါက်ကလေးတွေကို လိုက်ရေတွက်ရင်း
ပြီးတာတွေလည်း ပြီးပါစေလေလို့
လေထုထဲကို လေပူတွေပဲ ထပ်မှုတ်ထုတ်လိုက်တယ်

သမီးလေးမွေးရင် ပုဒ်မ ၁၈ လို့ပေးနော်တဲ့
ရေဒီယိုက နာရီဝက်တစ်ခါ ကြေညာနေတာ
ခြင်ထောင်ထဲမှာ ခြင်တွေကို ဖမ်းထည့်ထားပြီး
ကိုယ့်မှာ အပြင်ထွက်အိပ်နေရတဲ့ ညတွေ

 

သိုးထိန်း (အန္တိမ)


0 Responses to “အဖိတ်နေ့”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: