သူ့စဉ်းစားပုံကို အိမ်ပြင်ဘက်ထုတ်ပြီး နေလှန်းရတယ်။ ခဏအကြာ ကျီးကန်းတွေ စားချင်စဖွယ် ဖြစ်လာတော့မှ စာခြောက်ရုပ်ကို သူ့ဘေးနားမှာ ထောင်လိုက်တယ်။ အနူတောမှာတော့ သူဟာ လူချော။ ရောင်ဝါနေမင်းကို ပိတ်ဖုံးကာလိုက်တဲ့ တိမ်သလ္လာမည်းမည်းတွေဟာ အဝိဇ္ဇာပဲ။ အဝိဇ္ဇာရဲ့ အရိပ်အောက်မှာ ငါတို့ ကျေနပ်ပျော်ရွှင်ကြရတယ်။ ဒါပေမယ့် စပျစ်သီးချဉ်တာကိုလက်ခံနိုင်ပြီး ဂွေးသီးငန်တာကို အပြစ်လို့ထင်နေတုန်းဆိုရင်တော့ လူတန်းစားတိုက်ပွဲဟာ ဆက်ရှိနေဦးမှာပဲ။ စိတ်ပြေလက်ပျောက်ဖြစ်ချင်ရင် ကေတီဗီသွားပေါ့လို့ ကျီးကန်းတွေက တအားအား အော်မြည်နေကြတယ်။ ငါးလက်မလောက်ဖြစ်ဖြစ်ပေါ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ တစ်ဝက်ကို မင်းဘယ်လိုတွေတောင် စဉ်းစားလိုက်တာလဲလို့ ပြန်လှန်မေးခွန်းထုတ်ဖူးလား။ ရွှံ့နဲ့မံထားတဲ့ အိပ်မက်ဟာ ငှက်ချေးနဲ့ ပတ်တီးရိုက်တာကိုပါ ထပ်ခံလိုက်ရတယ်။ အခုမျက်စိရှေ့မှာ နှစ်ခါပြန်ပျံသန်းသွားတဲ့ ကျီးကန်းကို စိတ်က လေးခွနဲ့ လှမ်းပစ်မိတယ်။ ဒုထမင်းချက်ရာထူးနဲ့ ပုဆိုးကို မပြီး မီးဖိုချောင်ထဲ သူဝင်သွားတယ်။ ငယ်စဉ်ကဖတ်ခဲ့ဖူးတဲ့ရုပ်ပြစာအုပ်ထဲက တောင်ကျရေတဝေါဝေါဟာ နေ့စဉ်ဘဝထဲအထိ အရှိန်အဟုန်မပျက်ဆက်လက်စီးဆင်းနေတုန်းပဲ။ မြစ်တစ်မြစ်ဟာလူတစ်ယောက်ကို နှစ်ခါရေမချိုးပေးနိုင်သလိုပေါ့။ ကေတီဗီတစ်ခုမှာ လူယောက်ဟာ သီချင်းတစ်ပုဒ်ကို ၂ခါမဆိုနိုင်ဘူး။ ဒါကြောင့် ကေတီဗီသွားရင် နှစ်ယောက်သွားပြီး တစ်ပုဒ်ထဲကို အတူတူဆိုဖို့ ကြိုးစားရတယ်။ ပြီးတော့ သီချင်းရွေးဖို့ နည်းပညာအကြောင်းနားလည်တဲ့ ကောင်မလေး ၂ယောက်လောက်ကို ထပ်ခေါ်ရပြန်တယ်။ လိမ္မော်သီးနဲ့လိမ္မော်ရောင် ဘယ်သူကအရင်ဖြစ်ခဲ့သလဲ ဘုရားကပိုသိမှာပဲ။ ဆိုတော့… ၂၁ ရာစုရဲ့ ကြပ်ခိုးတွေ၊ ပင့်ကူအိမ်အပြိုအပျက်တွေကြား ဘုရားတွေကိုပဲ သနားနေမိတော့တယ်။ ဦးချလိုက် ဦးချလိုက်လို့ အထက်က အသံတစ်သံထွက်လာတယ်။ သစ်ရွက်တွေထူပိန်းနေတော့ ဘယ်သူဘယ်ဝါဘယ်ကောင်ဆိုတာ မသိရဘူး။ အဒေါ်က အောင်ဆန်းသူရိယဒေါ်ခွေးမဆိုတော့ အံကြိတ်ထားတာ အသံမထွက်ဘူး။ ဦးပဲ ချွေးတွေထွက်တယ်၊ ပြီးတော့ မောသွားတယ်။ မ ထားတဲ့ ပုဆိုးစကို လက်လွှတ်လိုက်ပြီးတဲ့နောက် ကျီးကန်းသေကို ရေနွေးဆူဆူနဲ့လောင်းပြီး အတောင်တွေကို နှုတ်ရတာလည်း တရားထိုင်ခြင်းတမျိုးပဲလို့ ငါတွေးမိတယ်။ ငါတွေးတော့ ငါပုဆိုးကျွတ်သွားတယ်။ ဝါးတံလျောက်နဲ့ သွယ်ထားတဲ့ တောင်ကျရေဟာ မီးဖိုချောင်နောက်ဖက်က ကျောက်ကန်ထဲ အေးစက်စက်နဲ့ ကျနေတယ်။ နွားမအုပ်ထဲဗိုလ်လုပ်နေတဲ့ နွားကုပ်တစ်ကောင်ရဲ့ စဉ်းစားဆင်ခြင်သုံးသပ်မှုအပြီး ငါတို့ကျေနပ်ပျော်ရွှင်ခဲ့ကြရတဲ့ အဖိုးအခ… အရစ်ကျပြန်ဆပ်ရပေမပေါ့။ လူချောတွေ ဝင်ငွေကောင်းတဲ့ခေတ်ပဲလေလို့ ဘီးကျဲတစ်ပွေ ပြောခဲ့ပေမယ့် ဘယ်သူမှ သတိမရတော့ဘူး။ သမိုင်းဆိုင်ရာ ဆင်းရဲမှုတွေထဲမှာ ဘယ်သူက အကြာကြီးနေချင်မှာလဲ။ ၃၈ ဖြာမင်္ဂလာမှာ အသေဝနာစဗာလာနံဆိုပေမယ့် မိမိကိုယ်သာကိုးကွယ်ရာပဲမဟုတ်လား။ ပြောစရာကတော့ကုန်ပြီ မိုက်ကိုသေချာကိုင်ပြီး စခွင်မှာပေါ်လာသမျှ စည်းဝါးနရီမှန်အောင်ဆိုဖို့သာပဲ ချစ်သားတို့ လို့ စာခြောက်ရုပ်က လေထဲမြောက်တက်သွားရင်း ပြောတယ်။
သိုးထိန်း (အန္တိမ)၊ ကြက်သွန်
မေ ၁၅၊ ၂၀၁၉
0 Responses to “နှစ်နှစ်”