Author Archive for t h o e h t a n e

11
Jul
17

သူဖုန်းစားတို့ ဘုန်း ဝါးလုံး

ကိုယ့်ပေါင်ကိုယ်လှန်ပြီး တက်တူးထိုးလိုက်တယ်
“ဒို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ”

သူ ပေခဲ့သမျှ ရေဆေးလို့မပြောင်အောင် သူခံခဲ့တော့
သူ တူခဲ့သမျှ သူထုခဲ့သလားဆိုတာ သမိုင်းဆိုင်ရာ မေးခွန်းတစ်ခုပဲ

ပြောင်းလဲချိန်တန်ပြီလို့ ပြောပြီး ထွက်သွားခဲ့တယ်
သူပြန်ရောက်လာတော့ သူ့ပြောင်းကို ကြုံတဲ့သူတိုင်းကို ပြတယ်
ပို ကြီးထွားလာတယ်
ပို သန်မာလာတယ်
ပို အထွက်တိုးလာတယ်

မိဘအမွေအစစ်တွေဟာ ချစ်မြတ်နိုးဖို့မဟုတ်တန်ဘူး
ရောင်းစားဖို့နဲ့ အမွေဆိုင်ရင်း ကုန်သွားဖို့ပဲ
ကြီးတဲ့ငါးတွေဟာ နောက်ဆုံးမှာတော့ လွတ်လွတ်သွားသလိုပေါ့

ကောင်းမွေ ဆိုးမွေ ဆိုတာထက်
သူဟာ ကံကိုယုံပြီးတော့ မြေမြုပ်မိုင်းတွေကို နင်းခဲ့တယ်

လူဆိုတာ ကိုယ်ရသင့်တာ ကိုယ်ပြန်ယူနိုင်ဖို့လိုအပ်တယ်ဆိုရင်
ကိုယ်မရသင့်တာလည်း ကိုယ်ပြန်ပေးခဲ့ဖို့ လိုမယ် မဟုတ်လား

ထွက်ပြီးသား ချဲနံပါတ် ပြန်ထွက်ရိုး ထုံးစံမရှိဘူး လို့ ဘယ်သူ အာမခံမလဲ

အိမ်မြှောင်ဥလောက် လှူပြီး ဂေါ်ဇီလာလောက်ကြီး မှန်းချင်ခဲ့တော့
အပြင်ခံအင်္ကျီအကောင်းစားဝတ်ပြီး နိုင်ငံတကာ ချစ်ကြည်ရေးခရီးတွေထွက်တယ်

ကန်ကောင်းရင် တစ်ဂိုး ကန်မကောင်းရင် ဇီးရိုး ဆိုတဲ့ ပင်နယ်တီတွေ
လှေနံနှစ်ဖက်ကြားကနေ လှမ်းလှမ်းသွင်းဖို့ ကြိုးစားခဲ့တယ်

အပ်တွေမြန်မြန်ဝင်ပါစေလို့ ဆုတောင်းနေတဲ့ ပုဆိန်တစ်လက်လို
ခုတော့ သူဟာ ပြောင်းသူဌေးအဖြစ် လူသိရှင်ကြား ဖြစ်ခဲ့ပြီ

သူဟာ ရေနက်ကွင်း ပြောင်းဖူးခင်းတွေ မျက်စိတဆုံးပိုင်တဲ့သူတစ်ယောက်ပါ
သူ့ ပြောင်းဖူးရောင် မျက်မွှေးတစ်ဆုံးမှာ
ပရဟိတစိတ်ဟာ အကြိမ်ကြိမ်သေဆုံးတယ်
ထွက်ပြီးသားဆင်စွယ်တွေဟာ ဆင်နှာခေါင်းမွှေးတွေဖြစ်သွားတယ်
မြေမြှုပ်မိုင်းတွေအပြည့်နဲ့ မြေကြီးက သေပန်းလှလှလေးတွေ ပွင့်ပြတယ်

နားမလည်ဘူးလားလို့ သူကုန်းအော်လိုက်တာကို
နိုင်ငံတကာအသိုင်းအဝိုင်းက နားမလည်ကြဘူး

ဂိုးးးးး ဆိုတာ ကမ္ဘာလုံးဆိုင်ရာအချက်ပြဆက်သွယ်မှုတစ်ခု
လှိုင်းကြီးတဲ့အခါ လှေအောက်က ရေတွေ စိမ့်ဝင်လာတော့
သူက လှေခွက်ချည်းကျန် တဲ့အထိ ရေခပ်ထုတ်ခဲ့ဖူးတယ်

ကိုင်းပင်ကြီးက ကျွန်းပင်ကြီးကိုမှီပြီး
ကျွန်းပင်ကြီးကလည်း ကိုင်းပင်ကြီးကိုမှီတဲ့တစ်နေ့
ထာဝရငြိမ်းချမ်းရေးဟာ ရုပ်မြင်သံကြား သီချင်းစာသားတွေကြားထဲကနေ
လက်တွေ့ဘဝထဲ ဇွဲကြိုးကြီးဆွဲပြီး ခုန်ချလိုက်မှာလား

အာမဘန္တေအသေကလေးတွေမွေးတဲ့ ပြောင်းဖူးခင်းဝါဝါလေးမှာ
သာဓုအနုမောဒနဟာ ခြေပြတ်လက်ပြတ် စာခြောက်ရုပ်ကလေးပါကွယ်

သိုးထိန်း (အန္တိမ)

 

22
Jun
17

ခင်ဗျားဟာ…

မှောက်ထားတဲ့ ထန်းကောက်ဖာထဲဝင်ပြီးမှ တစာစာအော်ပြတဲ့ ကျီးကန်း

အမြန်လမ်းကို ဖောက်ခဲ့တဲ့ ဆင်ယဉ်ကျေးတွေထဲက တစ်ကောင်

တောင်ပို့မှန်းသိလို့ အမည်ပေါက်နဲ့ ခြံခတ်လိုက်တဲ့ ဖွတ်

ဆန်အိုးထဲ ဝင်ဥတဲ့ ကြွေရည်စိမ် နေကာမျက်မှန်တပ် ကြက်မ

ဗိုလ်အောင်ဒင့်လက်ခုပ်ထဲက ဒဿဂီရိကြွက်

Lucky Fishမတွေ့လို့ မခုတ်သေးတဲ့ သူတော်ကြောင်

ထန်းရည်မူးပြီး ကိုယ့်အမြီးကိုယ် စောင်းလုပ်တီးတဲ့ ဆိုကရေးတီး ကျွဲ

ရှင်ကြီးအိမ်က ချော်လဲရောထိုင် ကျား

ပလိုင်းပေါက်ကို ကန်ထရိုက်တိုက်ဆောက်တဲ့ ဖား

ပျားမစွဲသေးလို့ ငုတ်တုပ်ထိုင်ပြီး မိုဘိုင်းဖုန်းပွတ်နေတဲ့ ရှဥ့်

ဆင့်ပါးစပ်ထဲ နှမ်းတွေပစ်ထည့်ပြီး အကျီစယ်ကြမ်းတဲ့ ဆိတ်

ဇိမ်ခံသင်္ဘောကြီးပေါ်က အလှမွေးငါးကန်ထဲရောက်နေတဲ့ ငါးခုံးမလေး

အကြံကောင်းရင်တစ်ချက်ဆိုတဲ့ ဂရန်းရွိုင်ရယ် ဂဠုန်

ဘုံခုနစ်ဆင့်ပေါ်မှာ ကိန်းဝပ်စံပယ်နေတဲ့ စိုင်

မယ်ဘော်ပေါ်အိပ် မယ်ဘော်ကျွေးတာစား ကြက်တူရွေး

နတ်ရေကန်ထဲ ခုန်ခုန်ဆင်းနေတဲ့ ဂျင်း ဘောင်းဘီဝတ် မိုးကျရွှေခရု

ညောင်ဦးကမ်းပါးက ရွှံ့စေးနဲ့ နှုတ်ပိတ်ခံထားရတဲ့ နွားပျိုမ

ဥတုသုံးပါးမရွေး မိုးထိအောင် လှေကားထောင်တဲ့ နဂါး

ဝါးထားဖာထီ ရေဖာထီ ဆင်နွှဲချင်တဲ့ မိကျောင်း

ကြုံသမျှ ဖုန်ထလို့ အိပ်ရေးပျက်နေတဲ့ ခွေး

 

သိုးထိန်း (အန္တိမ)

05
Oct
16

မျက်နှာဟာ ခဲတံထိပ်ဖျားကနေ ပြန်ထွက်မလာနိုင်တော့ဘူး

ကြယ်တွေကို ဓါးနဲ့ လှမ်းပေါက် ငြှိမ်းသတ်ရင်း

မျက်မှန် အနက်ကြီးထဲ ပြုတ်ကျသွားတဲ့ စိတ်နဲ့

တပြိုင်နက်ဆိုသလို အသက်ငင်နေတဲ့ နှုတ်ခမ်းတွေ

မီးခြစ်ဆံသေတ္တာထဲက မြို့ငယ်မြက်လျှော

လူကုန်သွားလို့ ကူးမရတော့ဘူးဖြစ်နေတဲ့ လမ်းကြားလေးတွေ

ပလတ်စတစ်ပန်း တွေ ဝေ နေ မြဲ

မျက်နှာအောက်က လည်ချောင်းကြမ်းခင်းထဲ

ကျွံကျလာတဲ့ ကာလာဘလိုင်းအသံတွေ

သဘာဝတရားရဲ့ အဖြူအမည်းကလွဲရင်

မေးခွန်းတွေဟာ သိပ်တောက်ပတာပဲ

ဆိုတော့

ရေပြင်ပေါ်မှာ ဂယက်ထသွားတဲ့ တိတ်ဆိတ်မှုဟာ

အဖြေတွေ

တောင်ထိပ်ပေါ် သယ်သွားလိုက်

တောင်အောက်ကို ပြန်လှိမ့်ချလိုက်နဲ့

ဟိတ် ဟန် ကောင်းတဲ့ ပုရွဆိတ်ကလေးတွေ

သောင်တင်နေတဲ့ လှိုင်းပေါ် ပါသွားကြတယ်

အဲဒီလို စွန့်စားမှုဟာ ဘာသာရေးဆန်လွန်းတဲ့ ကာလမျိုး

နားရွက်တွေ ထောင်လာပြီး

ခြေမတွေ ကွေးကောက်သွားတယ်

နေကြာစေ့တွေဟာ အရိပ်ထဲ တိုးဝင်ခွေခေါက်လဲကျလို့

ဂျီသြမေတြီနည်းကျ ကပ်ထားတဲ့ ဆွမ်း၊ ရေချမ်း၊ ဆီမီး

စကြဝဠာရေပွက်ထဲမှာ မဂ္ဂင်ဖောင်ကြီးလည်း ပျက်ခဲ့ဖူးပါပြီ

အတိတ်ဟာ လေပူဖောင်းထဲ အတင်းမှုတ်သွင်းခံရတဲ့

ဟိုက်ဒရိုဂျင်ဆာလဖိုက်ပါတဲ့ လူလုပ်ဓါတ်ငွေ့တစ်မျိုးပဲ

တစ်ရာတစ်ဆယ့်ငါးမိုင်ထိရှည်တဲ့ မေတ္တာဓါတ်နဲ့

သဲလွန်စတွေဟာ မူရာနိုဖန်ထည်တွေလို လှပနိုင်လွန်း

သနပ်ခါးဘဲကြားနဲ့ အိုလံပီယန်တွေဟာလည်း ထည်ဝါနိုင်လွန်း

ရန်ကုန်ရွှေမြို့တော်ကြီးရဲ့သမိုင်းဝင် ဂုံးကျော်တံတားကြီးတွေ

နေမွန်းမတည့်မီအပြီးဖြတ်နိုင်တဲ့အခါ တောင်းဆုတွေဟာလည်း ပြည့်ဝနိုင်လွန်း

ရင်တော့

ရာသီဥတုဟာလည်း မခေါ်မပြောပဲ ဆက်လည်နေဦးမယ်

မီးပွိုင့်တွေဟာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေကို ဆက်ငေးကြည့်နေဦးမယ်

ကြယ်တံခွန်တွေဟာလည်း နေကြာပန်းခင်းထဲ ဆက်ငိုက်မြည်းနေဦးမယ်

 

သိုးထိန်း (အန္တိမ)

21
Jul
16

ဖယောင်းတိုင်စွမ်းအင်သုံး ဆက်စ်မှုဇုံ

ကဗျာ့အင်အားကြီးဆရာ/ဆရာမများအနေဖြင့်

တစ်ဦးလက်သည်းနှင့်တစ်ဦး မဆက်ဆံမီ

အမျိုးသားရေးမှအစ ငယ်ကျိုးငယ်နှာကဗျာစာအုပ်များ မထွက်ပေါ်မီ

စက်သေနတ်ထဲ SD card အသစ်ကလေးထည့်

လူမှုကွန်ယက်ပေါ်တက် လက်ဆွဲ နှုတ်ဆက်ဆဲလ်ဖီဆွဲ

၎င်းတို့မှာ အရာရာတွင် ခေတ်ရှေ့ပြေးလွန်းလှသဖြင့်

၎င်းတို့မှာ ပရိသတ်ဗိုလ်ပါမြောက်မြားစွာ၏ နေ့စဉ်နှင့်အမျှ အနောက်မှလိုက်ခြင်းကို ခံနေရကြောင်း

ထုတ်ဝေရေး မှိုခြောက်ပန်းခြောက်များအား ရေလောင်းပြီး ပေါင်းထုတ်လိုက်ကြရာ

စာအုပ်ဆိုင်များတွင် အစွန် (ဘက်သို့) ထုတ်(ပို့) ခြင်းခံရလေသည်

ဘာဂျာစကားသစ်ဖွင့်လှစ်ပွဲ ရေစက်ချအလှူတော်မင်္ဂလာအတွက်

ရေကူးဝတ်စုံကိုယ်စီဖြင့် အသင့်ဖြစ်နေကြသော ကဗျာသူကဗျာသားအပေါင်းတို့မှာ

အနှုတ်နှုတ်အစားစား အမြှောက်မြှောက်ဖြင့်

ကြောင်တစ်ကောင်က ကြွက်ကို ချောင်းနေသည့်အတိုင်း ကိုင်းရှိုင်းပျဝပ်စွာ

ဆန္ဒကို သိက္ခာဖြင့် အတန်တန်ထိန်းရလေသည့်အထာ

လုံးဝလှပနေသော မျက်နှာဖုံးများမှာ

အတွင်းပါအကြောင်းအရာများ၏ နဂ္ဂတစ်မျှသာဖြစ်သောကြောင့်

ဘယ်လမ်းမပေါ်မဆို စာပေလောကသာ ဖြစ်ပွားခဲ့ရိုးမှန်လျှင်

ဘယ်အခင်းကြီးမဆို ခွေးများသာစွန့်ပစ်ရိုးမှန်ခဲ့လျှင်

လေမရှိသည့် မိုးပျံပူဖောင်းကြီးများ ဆင်စီးပြီးမြင်းရံခံရခြင်းသဖွယ်

အမြင့်ကြောက်သော ရွှေဝါကလေးများအား

အတောင်ပံကြီးများတကားကားဖြင့် ဝန်ပိုနေသော ငှက်ကြီးများက

ကြာဇံဟင်းခါး၏ ကောင်းခြင်းမှာ ထုတ်ဝေရေးကြောင့်သာဖြစ်ကြောင်း မိန့်ဆိုလေသော်

သုတ်ပေးခံထားရသော ရှောက်သီးစများအဖို့မှာမူကား

သူတို့၏ဝတ်လစ်စလစ် ချဉ်ခြင်းများသည်

ငါးပိ ငံပြာရည်တို့၏ ပလူးပလဲခြင်းအောက်တွင်

အနောက်တံခါးကို ဖွင့်ပြီး အာမေဋိတ်များကို ဖယောင်းတိုင်ထွန်းရှာနေသကဲ့သို့ဖြစ်လေရာ

SATE KYITE နဲ့တွေ့မှပဲ အလကားကြားသိမြင်တွေ့ခွင့်တွေ ရပေတော့သည်ဟု

မြွေကိုက်ခံရသောအခါ အပေါက်ကလေးလှကြောင်း ဂုဏ်ကြံဖန်ယူရန်သာ ဖြစ်ပေတော့ရာ

သဘာဝကဗျာငွေ့ သယံဇာတစာအုပ်များအား

ထုတ်ပြီးသောအခါ ဝေရေးသာ ကျန်တော့သည်မို့

တန်ဖိုးကြီးကြီးထား အလကားပေးရန်မှာ

သူ့ချည်းမဖြစ်သောကြောင့် နာမတော်တံဆိပ်ခပ်နှိပ် ချီးမြှင့်တော်မူရန်

ဥပဒေကြောင်းအရ မေတ္တာဖြင့်ပေးကမ်းသည် ဆိုသော်ငြား

မေတ္တာတုံးများအားလည်း အကြောင်းမသင့် အခွင့်မသာလျှင် ပေးကမ်းရတတ်ပေရာ

၎င်းတို့မှာလည်း သမာသမတ်ကျစွာ ဖတ်၍မပြီးနိုင်မစီးနိုင် ဖြစ်ရရှာလေ၏

သို့ဖြစ်ပါ၍ ရှီရှာနီသည်

ကဗျာ၏ မိမွေးတိုင်းဖမွေးတိုင်းအလှတရားကို ဓါးတမြမြသွေးပြီး ရှာဖွေခဲ့လေသလား

ဖြေဆိုရန် မလိုအပ်ပါပေ။

 

သိုးထိန်း (အန္တိမ)

12
May
16

နှစ်ကြောင်း တစ်ဂါထာ တစ်ရွာ နှစ်ဝါဒကွဲ

ဘူးသီးများကို အရီးထံသို့ အမြန်ချောပို့ဖြင့် ပို့ပေးပြီးနောက် ကျွန်ုပ်တို့၏ မျက်နှာများကို မုန့်နှစ်များဖြင့် သေသပ်စွာ ပေါင်းတင်ကာ နေရောင်ဖြန်းပက်၍ သာယာလှပေသော တောင်ကတုံးများပေါ် လမ်းလျှောက် ထွက်ခဲ့ကြ၏။ ထိုနေ့ကား ငလျင်နှစ်ခါ လှုပ်ပြီးသောနေ့ဖြစ်သောကြောင့် ကလေးများ ပုခက်မြင်လျှင် လန့်ငိုလေသည်။

“သေပါပြီဟဲ့” ဟု အရှင်လတ်လတ်ကြီးဖြင့် ပြောဆိုသံများကြားရသောအခါ နားလည်ရခက်သလိုပင် “မြန်မာ့လက်ညှစ်ပေါက်စီစစ်စစ်ရပြီ” ဆိုသော ဆိုင်းဘုတ်ကပ်ထားသည့် လမ်းကြားလေးများကိုတွေ့တိုင်း ပဲပြုတ်နှင့်နံပြား စားချင်စိတ်တို့ ယိုဖိတ်ကျလာမှုအကြောင်း ဖြေရှင်းချက် ယနေ့တိုင် ရှာမတွေ့သေးချေ။ ဤသို့ မနက်လင်းသွားတိုင်း သွားတိုက်ဆေးတောင့်ကို ညှစ်ချလိုက်သောအခါ ငယုတ်အဆီများထွက်သဖြင့် နေထွက်ရာအရပ်သို့ မျက်နှာမူလျက် အကြင်သူအချို့သည် ဂွေစကြာကို လှိမ့်လေ၏။

ဖရုံမသီးသော ဘီးကျဲကြီးများကို အိုပါးဟု ခေါ်သော ခေတ်တစ်ခေတ် တကယ်ရှိခဲ့ကြောင်း နှောင်းလူတို့ သိဖို့ တိမ်တိုက်များထဲတွင် သိမ်းဆည်းမှတ်တမ်းတင်သော အသည်းကွဲချာတိတ်များ၏ အတ္ထုပ္ပတ္တိကို anonymous အဖွဲ့က မလွှင့်တင်ဖြစ်ခဲ့သည့် website တစ်ခုတွင် အကျယ်တဝင့် ရေးသားခဲ့ဖူးသည်။ နိုင်ငံတော်ဟုခေါ်သောသူများသည် ကြက်သွန်နီကို တစ်လွှာချင်းချွတ်ချခဲ့သော်လည်း လျှို့ဝှက်ချက်ကို သူတို့ မရရှိခဲ့ကြပေ။

ရေပေါ်သို့ ဝေ့တက်လာသော စကြဝဠာဆီပွက်ကြီးများက လှည်းနေလှေအောင်း မြင်းစောင်းမကျန်များကို အုတ်ကြားမြက်ပေါက် ဟု ခေါ်ကြသောအခါ အနှီပုဂ္ဂိုလ်များကလည်း အဆိုပါဆီပွက်ကြီးများအား အုတ်ပါးမြက်ကြောက်များဟု တန်ပြန် ခေါ်ဝေါ်ကြကုန်၏။ “အိုအဆွေ… ရန်သူများခြင်းထက် မိတ်ဆွေတုများခြင်း အလျဉ်းမဖြစ်စေရန် သတိရှိပါလေ” ဟူသော ပိုစတာများ ပေါပေါလောလော ရောင်းဝယ်နေကြချိန်တွင် ရန်သူ မိတ်ဆွေခွဲခြားရန် ခက်ခဲကြောင်း ကျွန်ုပ်တို့ ယေဘုယျအားဖြင့် သဘောတူခဲ့ကြသည်။

တိမ်ပလီများ အုပ်စုဖွဲ့ပြီး ဗိုလ်လာမကျမချင်း နွေတဆိုးလေးသည် ရေငတ် ပေကပ် ခွေလျက်သားဖြင့် ကိုယ့်ရှေ့မှာ မှောက်အိပ်နေဦးမည် အမှန်သာ။ အတောင်ခွင်သော ဟင်္သာများမှာ မပျံသန်းနိုင်သဖြင့် ကလေးများအတွက် အပျော်စီးတိရိစ္ဆာန်များ ဖြစ်ကုန်လေသည်။

ကောင်းကင်ထဲတွင် တွဲလောင်းကျလျက်ရှိသော ဘူးသီးများကို တိမ်တိုက်များက မပုပ်မသိုးအောင် ကာကွယ်သိမ်းဆည်းပေးလေသည်။ ငလျင်လှုပ်စဉ် မထား၏ပဲပြုပ်တောင်းထဲမှ သွားတိုက်ဆေးရည်များ ဒလဟော ပန်းထွက်ခဲ့၏။

အခုအခံများဖြင့်လှပနေသော အမှန်တရားကို မီးရောင်များ၏အောက် စင်မြင့်၏အထက် ကီးဘုတ်ဆရာ၏ ဘေးတွင် အသပြာသံတချွင်ချွင်ဖြင့် မြင်တွေ့ကြားသိရသောအခါနိမိတ်ကြီးလေးပါး ပြည့်ရန် စောင့်စရာလိုမည် မဟုတ်ပါ။ ဤစာကြောင်းကို ည ၁၁ နာရီမကျော်မီ တူးပို့ဟု လူသိများသောဘီယာကို ဇိမ်ခံသောက်ရင်း ကျွန်ုပ် အပြီးရေးခဲ့ကြောင်း သင်တို့ သိအောင်ပြောပြသင့်သည်ဟု ယူဆခဲ့မိလေသည်။

သိုးထိန်း (အန္တိမ)

07
Dec
15

အနက်တမဲ့ဇုံသား

၄၅သန်းတန် ယုံကြည်မှု ထုတ်လုပ်ခြင်း ဝင်္ကပါ
ကျောက်ခဲတစ်လုံး၊ ငှက်တစ်ကောင်၊ အခန်းတစ်ခန်း
ငါးကြင်းမြီး၊ ကချေသည်နှင့် ရုပ်တုများ
ခေတ်မိသူတွေများ အရာခပ်သိမ်းရဲ့ ရွေ့နေတဲ့အဓိပ္ပါယ်ကို ဈေးနှုန်းရေးမထား
အာဖဂန်နစ္စတန်တဲ့ နာမည်လေးကလှသလောက်
အရောင်၊ အနံ့၊ အရသာတို့ နုတ်ထွက်ခြင်း လေမှုတ်စက်အား
ကြည်ညိုလေးစားသော အငေးဖြင့် အပေါက်ပြဲပြဲ နားထဲက လေတွေထွက်နေပြီ

ငါ့သမိုင်းဟာ ရူးသွပ်သွပ် ပတ်လမ်းကြောင်းပေါ်က မုတ်ဆိတ်တို့ရဲ့ သွားရာလမ်းများ

ဒီမှာ မိချော နည်းနည်းရွဲ့ပြီး ပိုတိကျတဲ့ စကားပြောအလေ့အကျင့် ခင်ဗျား ကျွန်တော့ကို ပြော
၁၅မိနစ်အမြန် ခင်ဗျားအကြောင်းပဲ ပြောတာပါ
ဒီစကားမှန်ရင်ပေါ့
ကဗျာစံတော်ချိန်မှာ ခင်ဗျားအိပ်ကပ်ထဲရောက်သွားတော့မယ့်
အမျိုးအမည်မသိ ဝါကျ၊ အမည်မသိ အမွှေးအမှင်တစ်ချောင်း
အနှေးအက ခန္ဓာဗေဒနဲ့ ကမ္ဘာ့သမုဒ္ဒရာကြီးတွေ
မှတ်စုစာအုပ်ထဲက စာမျက်နှာတစ်ရွက်
ဆေးလိပ်တစ်လိပ်
မာယာ မပါ့တပါနဲ့ ရက်ရက်ရောရော ဆုလာဘ်
ငါးမန်းတစ်ကောင်
အမွေးအမြူလွန်နေတဲ့ ကိုလံဘတ်

လူဆင်းပေါက်မှာ တစ်ထောက်နားသွားကြခြင်းဟာ မှတ်သားစရာ ပါ / မပါ?

ပုံပြောသူ လူပြက်မျက်နှာနဲ့ နှစ်ကိုယ်ကြား
ဒီတစ်ခါရှင်းပြဖို့ အလှည့်ကျသူကတော့ ကျွန်တော်ဖြစ်ပါတယ်
ကိုယ့်ကိုယ်ကို ပြန်ကြည့်ပုံကိုက အင်တာဗျူးမှာ မပြောတဲ့စကား
တိတ်ဆိတ်မှု အပေါ်ယံတန်ဖိုးရဲ့ အသံ
လစာထည့် စက္ကူအိပ်ထဲက ပုံရိပ်မပေါ်မီ အရုပ်ကလေးတွေ ဖြစ်ချင်တယ်
ပျော်ရွှင်ခြင်းအတိုင်း ကမ္ဘာကြီးဟာ ရွှေ့ပြောင်းသွားတယ်
မနက်အိပ်ရာနိုးတော့ နူးညံ့တဲ့အပိုင်းတွေ စ, ရည်ပျော်

လက်ကားယား ခြေဆန့် အားတက်ဖွယ်ရာ ရေနံ တူးဖော်ချက်များနဲ့ ဆပ်ပြာပူဖောင်းမှုတ်ခြင်း

ဘာသာစကားရဲ့ ရာသီဦးမှာ လတ်ဆတ်တဲ့ ငါးစိမ်းတွေ
ပျံသန်းမှုကို အမှတ်ရနေသေးတဲ့ နိမိတ်ပုံတစ်ခု၊ ကံကြမ္မာတောင်ပံတစ်ခြမ်းနဲ့ ငှက်သေ
အသက် ၈၆ နှစ် လယ်သမား၊ မုဆိုးနဲ့ တံငါသည်
သူ့ရဲ့ တမ်းတမ်းတတ အကြည့်ထဲမှာ အစီအစဉ်ကျနမှုကို ငြင်းဖို့ အစမ်းစာ
ပွဲတော်ရဲ့ ဆူညံသံတွေကြား မြစ်ကျဉ်းလို အခန်းလွတ်ရဲ့ ပူပန်သောက
ကျွန်တော်ပျက်ကျတဲ့နေ့ကို သတိရ ဆာလောင်ခြင်း သင့်မုတ်ကောင်
ကြာသာပတေးနံပါတ်များ ရှည်နိုင်သလောက် ရှည်တာထက်
အကြွင်းအကျန်တုန်ခါမှုရဲ့ ကြုံရာကျပန်း မှတ်တမ်း

အကြိုက်ဆုံးအားကစား – အခိုက်အတန့် နေထိုင်မှု

သိုးထိန်း (အန္တိမ)

ကဗျာခေါင်းစဉ်မှအစ ကဗျာတစ်ခုလုံးအား ဇေယျာလင်း၏ ထင်ရှားသည့်အမှတ်အသား (၂၀၀၆၊ မတ်) ကဗျာစာအုပ်ပါ ကဗျာခေါင်းစဉ်များဖြင့်သာ ပြုလုပ်သည်။

06
Nov
15

မင်း ဟာ နွား ပဲ

မင်းကြိုးပြတ်နေလည်း
မင်းသန်လှ မင်းအဖေပေါင်ကျိုးနေသလောက်ဆိုတော့
မင်းရှေ့ထွန်ကျူးသမျှအပေါ် မင်းခွင့်လွှတ်သင့်ပါပြီ
ဒီခေတ်ကြီးထဲမတော့ ကျားဆွဲရင် မင်းလည်း ကွဲကောင်းကွဲသွားနိုင်တယ်
ချောလို့ကြိုက်တာမဟုတ်ပါဘူး ကြိုက်လို့ ချောတာပါ လို့ မင်းကို ဘယ်ရှမ်းက ပြောပြီလဲ
လယ်ထွန်သွားရင် မင်းကို မမေ့ဖို့ အမြဲမှာရတယ်
လုံ့လလည်းမထူ မိုးလည်းမကူပေတဲ့ မင်းချေးချတဲ့အရပ်မှာ ကံမတာနဲ့ပဲ ဆူးပုံတော့ မနင်းနဲ့
ညောင်ဦးကမ်းပါးပြိုတော့ စမ္မာနဂိုက ဂျကူဇီမှာ ရေစိမ်နေတဲ့ မင်း ပေါင်ကျိုးသွားသေးလား
သမီးတစ်ကောင် မင်းတစ်ထောင်တဲ့
ဆိုတော့
မင်းတစ်ကောင်တည်းဆို သမီးကို တစ်ထောင်ပုံ တစ်ပုံပေါ့

   

သိုးထိန်း (အန္တိမ)



categories

archives