Archive Page 2

01
Oct
15

ခရေပွင့် တွင်းဆုံး

ကျွန်မဟာ ဆန့်ကျင်ဘက်လိပ်တွေကို စွဲလမ်းခဲ့တဲ့ သူတစ်ယောက်!

ဘဂံမှာ ခြေထိုးပြီး ဘဂိုးမှာ နောက်ကျောဓါးထိုးတဲ့ပုံပြင်တွေဟာ တကယ်ပါ လို့

ဆင်တော်က သူ့ခလောက်ကို သူဖွင့်ကြည့်မိတဲ့အချိန်မှာ သိသွားမှာပဲ

ရေအိမ်ထဲဗုံးကွဲမှုဟာ နေ့စဉ်ဘဝမှာ ဘယ်လောက်အရေးပါသလဲ

သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ လက်လှမ်းမမီဘူး

အဲဒါကို သွားကန့်ကွက်တော့ ကန့်ကွက်တာကို လက်ခံပေးပါတယ်တဲ့ ဒါပေမယ့် ထုတ်မပေးဘူး

နယ်မြေလုံခြုံရေး စိုးရိမ်ရတဲ့အတွက် ဆီးစပ်တဝိုက်ကို တက်တူးတွေ အပြည့်ထိုးခိုင်းလိုက်တယ်

ပြည်သူလူထုဆီက ခွင့်ပြုချက်မတောင်းမိခဲ့တာ တော်တော်စုံပါတယ်

တည်ဆဲရင်သွေးကို ဖောက်သည်အသစ်ကြောင့် ဖျက်ချခဲ့ရတဲ့ညက ထင်သလောက် ဝမ်းနည်းစရာ မကောင်းပေမယ့်

၆၆/၆ ကအစ ပုံစံအမျိုးမျိုးနဲ့ နေခဲ့ဖူးပါပြီ

ပိုက်ဆံဆိုတာ အချိန်တန် ကိုယ့်လက်ထဲ ရောက်လာမှာပဲ

အနှေးနဲ့အမြန်ပဲကွာတယ်လို့ အုပ်ချုပ်ရေးမှူးကပြောတယ်

မရှိတဲ့လူတွေ မဲပေးတဲ့ ရပ်ကွက်လေးထဲမှာ အဲဒီအဆင့်တွေကို မဖြတ်သန်းခဲ့ဖူးဘူးဆိုရင်တော့

ဆက်ကြေးဆိုတာ ရည်ရွယ်ချက်ရှိရှိ အတောင်းခံရတဲ့ ချွေးနဲစာတွေပါလို့ ဘယ်သူကမှ မြင်နိုင်မှာမဟုတ်ဘူး

အခုတော့ဖြင့် ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်တချို့ဟာ ပင်လယ်ကမ်းခြေမှာ

သဘာဝ ပတ် ဝန်းကျင် ထိန်းသိမ်းရေးအတွက်လို့ အယောင်ပြပြီး

ကမ္ဘာလိပ်ထီးကြီးတွေကို မှောင်ရိပ်ခိုစောင့်ဆိုင်းခဲ့ဖူးပြီ

မသမာသူတွေလက်ထဲ ဒီကမ္ဘာလိပ်ထီးကြီးတွေသာ ကျရောက်ခဲ့ရင် လိပ်ထီးခွံဟာ

နိုင်ငံတကာမှောင်ခိုဈေးကွက်မှာ တန်ဖိုးကြီးဇိမ်ခံပစ္စည်းအဖြစ်

ပြောင်း လဲ အသုံးပြုဖို့ ဖြစ်တယ်ဆိုတာ ကျွန်မတို့ အားလုံး သဘောပေါက်ပြီးသား

အပြင်ပန်းနာကျင်မှုဟာ အိမ်လွမ်းတဲ့ မျက်ရည်တွေကိုတောင် မဆွဲဆောင်နိုင်တော့ဘူး

နောက်ဆုံးတစ်ကြိမ်ရေကြီးတော့ မျှော်လင့်ချက်ဟာ လိုအပ်တာထက်ပိုကြီးနေတဲ့ ကွန်ဒွန်လိုပဲ

ကျွတ်ပြီး ပါသွားတယ်

နိုင်ငံတစ်ဝှမ်း တစ်အိမ်တက်ဆင်း လက်ရှိတာဝန်

ပတ် ထမ်း ဆောင် ဆဲ ဖြစ်တဲ့ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများ ကာကွယ်ရေး

ဝန်ကြီးရဲ့ လက်အောက်ခံ ရောဂါကူးစက်မှာစိုးရိမ်လို့ အမှန်တကယ်တိုက်ပွဲဝင်နေသူတွေ

ဗဟိုအချက်အလက် သိုမှီးရာမှာ မဲပေးမဲယူ တို့ရန်သူစနစ်နဲ့

မပျက်မကွက်စုပ်ခဲ့ရတဲ့ ဘီယာတွေ၊ ချော်လဲရောထိုင်တွေ၊ ရပ်ကွက်လူကြီးရဲ့၏ / သည် မရွေးတွေ

အစမှာ မှာတာတွေများလို့ ပြက္ခဒိန်မဆန့်တော့ဘူးလို့ လော်နဲ့ တစ်လမ်းဝင်တစ်လမ်းထွက်ပြီး

စေတနာ့ကာမဝန်ထမ်းအဖြစ် ရေဘေးသင့်ဒေသတွေ ကျွန်မသွားဖို့ ပြင်ဆင်ခဲ့ပါတယ်

ဒီတစ်ဘဝစာချမ်းသာသမျှ ကိုယ်ပိုင်အတွေ့အကြုံတွေ မှတ်ဉာဏ်ထဲလွင့်ပျံလို့

ဥပဒေတွေဟာ မိုးစက်တွေလိုပဲ အားလုံးအပေါ် တဗြုန်းဗြုန်းနဲ့ ပြုတ်ကျလာတယ်

ကျွန်မအဘိုးနဲ့အဘွားဟာ ကျွန်မတို့ ရင်ဘတ်ထဲမှာတင် ဘယ်တော့မှ မသေဆုံးတာမဟုတ်ဘူး

ရပ်ကွက်ရုံးရဲ့ ဘုတ်ပေါ်မှာ လိုအပ်တဲ့အခါ လိုအပ်သလို တိုင်းပြည်အတွက် အသက်ရှင်နေတုန်းပဲ

သီးခြားနယ်ပယ်တစ်ခုက အပြုအမူတွေကို သီးခြားအဓိပ္ပာယ်ဖော်ဖို့လိုမလား

ပြီးခဲ့တဲ့နှစ်တွေဆီက ရပိုင်ခွင့်တွေကို မျှော်လင့်ရင်း

မြင်ကွင်းထဲဝင်လာတဲ့ ရေခဲစိမ်လိပ်ထီးကြီးကို ဂရုဏာစိတ်နဲ့ ကြည့်မိတယ်

ရှမ်ပိန်ပုလင်းကိုကြားဖြတ်ဖောက်သောက်ခွင့်ပြုခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးမိတ်ကပ်အလှပြင်ဆရာမကတော့

ဂျက်ဇ်ဓာတ်ပြားဟောင်းတစ်ချပ်ကို ဖွင့်ဖို့ပဲ အာရုံထဲစွဲထင်နေတာ

ကျည်ဆံတွေကို မာယိုးနေးစ်နဲ့ တို့စားဖို့ဆိုပြီး တစ်ယောက်ယောက် က ယူလာခဲ့တယ်

မောင်းတင်လိုက်ရင် တို့က အကျဆုံး ခံဖို့ အသင့်ပါ ခေးရယ်လို့

facebook ပေါ်က ဒိုင်ကြီးကို တစ်ယောက်ယောက် ပြောသံကို ကြားလိုက်သေးတယ်

ကျန်းမားရေးရှုထောင့်ကနေပြင်ဆင်ထားတဲ့ နို့တွေကိုလည်း ဖွယ်ဖွယ်ရာရာတွေ့ရတယ်

အသီးဗန်းထဲမှာ ဇီးသီးတွေ မရှိတော့ဘူးဟေ့ လို့ လူကြီးတစ်ယောက်က ပြောတာလည်း ကြားတယ်

“ဖောက်သည်နှစ်ဆ တိုးမြှင့်ကြ” လို့ ဘယ်လိုပဲ အော် အင်း အီး အဲ နေလည်း

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအများစုဟာ မြင်းပေါ်က ငနဲတွေဆီပဲ ရောက်ရောက်သွားတယ်

သွားပြာကြီးနဲ့တော့ ဘာကိုမှ ဝါးလို့မရပါဘူးဗျာလို့ စတိဗ်ဂျော့ဘ်က ပြောတဲ့အခါ

လက်ကိုင်ဖုန်းရဲ့ ထိတွေ့မျက်နှာပြင်ကိုနှိပ်လိုက်တာနဲ့ ပေါင်ကြားက အာဝါပနဝိဇ္ဇုတုပကရဏဟာ လှုပ်ရှားသွားတယ်

နှစ်ချို့ဝီစကီခွက်ထဲ အကျအနနှစ်ထားတဲ့ မီဒီယာဟာ ပျော့ပြဲနူးအိလို့…

ဒီလိုနဲ့ ကျွန်းသစ်တောကြီးတွေ အရှေ့ဘက်အရပ်ဆီ ခရီးထွက်သွားတာကို မတားဖြစ်ခဲ့ကြဘူး

နာနာဘာဝတွေရဲ့ ရင်ဘတ်ပေါ်ကဖဲကြိုးကို အမွှေးတိုင်ထွန်းပြီး ကြည့်မှ မြင်နိုင်မလား

လိပ်ထီးတွေသာမရှိတော့ရင် လိပ်တွေ မျိုးတုန်းကုန်မယ်ဆိုတာ အသိသာကြီးပါ

 

သိုးထိန်း (အန္တိမ)

29
Jun
15

ကိုယ်ဝန်ဆောင့်ပြီး ၃၇၆နာရီ အကြာ

ကျွန်မ မသိဘူး။

 

ကျွန်မ ဝင်လာတာနဲ့

အဲဒီ ကွင်းကွင်းကွက်ကွက်ဖြစ်နေမှုကို ချုပ်ထိန်းမရဘူး

ဘယ်လောက် အရှိတရားလဲလို့ ဘယ်သူမှန်းဆမိမလဲ

ဝင်္ကပါတစ်ခုထဲမှာ စစ်ကြီးပြီးသလို ရှင်ရော ဖြစ်ဖူးလား

ကျွန်မကို အခုထိ သူတို့ ပြန်မဖွင့်ပေးသေးဘူး

 

စစ်သားတွေဟာ တကယ်ရှိခဲ့လားဆိုတာ

အေးစက်ကျိုးကြေနေတဲ့ ဝါးကြမ်းခင်းက ဘယ်သိခဲ့မှာလဲ

ပြီးတော့ အဲဒီမြို့ကိုလည်း ချဉ်ခြင်းလို့ မခေါ်တော့ဘူး။

 

သမုဒ္ဒရာကြမ်းပြင်ထဲ ထိုးစိုက်ကျနေတဲ့ နေရောင်တွေလို

ဂျိုင်းမွှေးဝါဝါတွေဟာ ချစ်စရာပါ…

ဒါပေမယ့်

ကျွန်မမှတ်မိတဲ့ ဘယ်လောက်က သူတို့ရဲ့ တီထွင်မှုတွေလဲ?

အဲဒီမှာ ဆင်ကြီးတွေ ကျားကြီးတွေ

ရှင်တို့ဖမ်းချင်တယ်ဆို အဆင်သင့်ပေါ့

ခေတ်မီ စက်ကိရိယာတွေ တပ်ဆင်ထားတဲ့ တပ်နီတော်!

 

ယောက်ျားလျာတွေ မိန်းမလျာတွေ သေသွားတော့ အလောင်းလျာတွေ ဖြစ်သွားလား

တဝေါဝေါ သေနတ်သံတွေဟာ ခြောက်ကပ်နေတဲ့ အာခေါင်ကို ထိုးဆွတယ်

 

ကျကျနန တံတွေးထွေးတတ်ဖို့က လွယ်ပါတယ်

ကျကျနန တံတွေးဆွတ်တတ်ဖို့သာ ခက်တာ တဲ့

အမှောင်ထုက အောင်နိုင်သူတစ်ယောက်လို ပြောတယ်

 

သူတို့ဟာ မုဆိုးဒူးထောက် ထိုင်ချလိုက်ပြီး

ပစ်မှတ်ကို ဂရုတစိုက် ချိန်လိုက်တယ်

အဲဒီတော့ အရွယ်အစားနဲ့ ပုံသဏ္ဌာန်ကို

ရှင်တို့ ဘယ်လို အထူးပြုလုပ်ချက်နဲ့ တင်ဆက်မှာလဲ

 

အမျိုးမျိုးကွဲပြားတဲ့ တိရစ္ဆာန်တွေဟာ ကြမ်းပြင်ပေါ်မှာ စီတန်းနေကြတယ်

ဗလာနတ္ထိ စိတ်တွေဟာ တော်လဲသံလို ပြိုကျလို့ပေါ့

စက်ရုံက ခုလေးတင်ထွက်လာတဲ့ အသစ်စက်စက်လိုပဲ

လူထွက်ပေါက်ပေါ်မှာ အနက်ရောင်ဆေးနဲ့ ရေးထားတဲ့ ဂဏန်းတွေ

 

ကျွန်မ မမွေးခင်ကတည်းက

အမေနဲ့ အဖေနဲ့ အတူတူ အိပ်ခဲ့တဲ့ ကုတင်လေး

ကျွန်မတို့ မိသားစုအတွက်တော့ ဇီဝနယ်မြေပဲ။

 

ကျွန်မဟာ အကြမ်းပန်းကန်လုံးပါ

တစ်ခုခုထည့်ပြီး သုံးဆောင်ကြ

 

ညီညီညာညာစီတန်းပြီး ပြန်လည်ချီတက်သွားကြတဲ့ လိင်စိတ်တွေရေ…

သံချေးကွက်တစ်ကွက်မှ မရှိတဲ့ ကုတင်ပေါ်မှာ

ကျွန်မကို ဥပဒေလို သဘောထားပေးပါ။

ရှင်တို့ တာဝန်ဆိုတာကြီး ပြီးဆုံးသွားတဲ့အခါ

ကျွန်မအပေါ်ကနေပြီး မြိန်ယှက်လို့ ရတာပေါ့

 

နာကျင်စွာ အကြောဆွဲပြီး

ပြိုင်တူထွက်လာတဲ့ အသံတွေကြောင့်

မြက်ခင်းထဲက ပုရစ်တွေတောင်မှ အော်သံရပ်သွားတယ်

 

သေချာမှတ်ထား!

ဘဝက အမြဲ ရွေးချယ်စရာပေးထားတယ်။

သတ်သေကြမလား? ဗလက္ကာယအလုပ်ခံမလား?

 

ရှင်တို့ သိတယ်ဟုတ်?

 

သိုးထိန်း (အန္တိမ)

24
May
15

သစ္စာစူးသွားတယ်ဆိုလည်း ထင်းနေမှာပဲ

ထင်းခွေသွားတဲ့ သစ္စာနဲ့ ရေခပ်သွားတဲ့ မာယာဟာ အမြဲ တေ့တေ့ပြီးမှ လွဲတယ်

သစ္စာရေသောက်ဖို့ ဆိုပြီး မာယာတစ်ယောက် ခပ်လာသမျှ ရေတွေ

သဲထဲရေသွန်ဆိုသလို ဖြစ်ရတာလည်း သဲကိုးဖြာမကတော့ဘူး

မာယာသွန်သမျှရေတွေသာ သဲထဲဝင်ပြီးခြောက်သွေ့သွားမယ်

သဲပြင်ထဲ နစ်ဝင်နေတဲ့ သစ္စာရဲ့ထင်းချောင်းတွေဟာ အညွန့်တောင် ပေါက်မလာဘူး

ဟိုဘက်က မကြီးဆန်းတို့ ရွာမှာ အောင်စိန်ထင်းရောင်း ဘယ်လောက်ကောင်းကောင်း

ရွာမှာကတော့ မီးရေး ထင်းရေးဆို သစ္စာ တိုင်တည်ကြရတာပ

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင် မနားနိုင် ဘယ်သူမှ အတိအကျ မသိသော်လည်း

သစ္စာကောင်းလို့သာ ရွာက ခြေနှစ်ချောင်းသတ္တဝါအပေါင်းဟာ

ထင်းချောင်းထောင်သောင်းကို ကောင်းကောင်းအသုံးပြုနိုင်ကြရဲ့

လသာတဲ့ညများဆို ရွာလယ်မှာ မာယာပါတဲ့အပျိုတသိုက် ဗိုင်းငင်တဲ့ဘက်လှည့်တဲ့ပြီး

သစ္စာဆိုလိုက်ရတဲ့ သီချင်းတွေ

အောက်ပြည်ကတက်လာပြီး တောင်လုပ်နေတဲ့ ငရဲက ငနီတို့ ငနက်တို့ နဲ့ရှူးတိုက်မှ တိတ်တယ်

ငရဲခွေးတွေ တဝေါဝေါထိုးဟောင်ပြီဆို မာယာကအစ သစ္စာအဆုံး ရွာလုံးကျွတ် ဘုရားတမိတယ်

ရွာဦးကျောင်းက ဦးဇင်းကာစီမာရံ မဆိုထားနဲ့

လောကပါလ နတ်မင်းကြီးတွေ လေးပွင့် မကလို့ ခြောက်ပွင့်ဆိုင်ပြီးကြိုးစားရင်တောင်

ရွာလုံးကျွတ် ရတနာ(၃)ပါးကြည်ညိုဖို့ရာ မသေချာဘူး

ငရဲရဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးဆေးတွေထိုးထားတဲ့

ဉာဏ်နီ ဉာဏ်နက် နဲ့ တွေ့မှပဲ အာဇာနည်ဗုဒ္ဓဘာသာ ၇ရက်သားသမီးတွေထွက်လာတော့တယ်

လူမှာအမျိုး ကြက်မှာအရိုးတဲ့

အရိုးနဲ့ ပတ်သက်ရင် (ဖိနပ်စီးစီး မစီးစီး) ကြက်တွေကို သွားမစမ်းနဲ့ ဆိုသလို

ရွာက လူတွေကိုလည်း ဆွေမျိုးနဲ့ ပတ်သက်လာရင်တော့ သွားမစမ်းနဲ့

ပျော်ရာမှာ မနေပဲ တော်ရာမှာ နေရမယ် ဆိုတာ ဒီရွာမှာတော့ သွေးထွက်အောင်မှန်တယ်

ဆွေမျိုးတော်ရင် အားလုံး အဆင်ပြေပြေ နေလို့ရတယ်

ဆွေမျိုးပြီးရင်တော့ ပေါက်ဖော်ဆိုတာ ကပ်လျက်ပါလာတာလည်း အားလုံးအသိပဲ မဟုတ်လား

တောင်းကိုမဖောက် တောင်ကိုဖောက်မည် ပေါက်ဖော်ဆွေမျိုး စီးပွားတိုးလို့လည်း ဆိုသကိုး

နွေတစ်ရက် ချောင်းတစ်ဖက်မှာ ထင်းခွေပြီးပြန်အလာ

ကပ္ပိယကြီး ချက်စူနဲ့ ချောင်းစပ်မှာဆုံတုန်း တိမ်ဗလာကောင်းကင်ပြင်ကြီးကို မော့ကြည့်တဲ့ပြီး

“သိမ်းငှက်တွေဟာ ကြွက်ဖမ်းဖို့လောက်ပဲ အသုံးဝင်မှာပါကွာ” လို့ သူကပြောဖူးတယ်

သူဘာကို ဆိုချင်သလဲမသိသော်လည်း သစ္စာကတော့ တစ်ကောင်ကြွက် တစ်မျက်နှာ

မာယာ့တစ်မျက်နှာကို တစ်ရွာထင်ပြီး ဒီရွာက မခွာနိုင်တာ

သစ္စာရဲ့လေညွှန်တံဟာ မာယာ့အသံရှိတဲ့အရပ်ကို အမြဲလှည့်တယ်

(လေလည်တာကတော့ မာယာမရှိတဲ့အရပ်မှာပေါ့)

သစ္စာတို့ ထင်းခွေတဲ့ ခရိုနီအသိုင်းအဝိုင်းမှာတော့

သစ္စာကို ထင်းခွေမယ့်အစား ယာလုပ်ပါလားလို့ နောက်ကြတယ်

သစ္စာကလည်း မာယာကို အရင်းကနေ စွတ်တဲ့ပြီး ခေါ်ချင်လှပြီ

မာယာကလည်း သစ္စာရဲ့ ဓါးမဦးချ ကာမပိုင်သိမ်းပြီး

လူနှင့်စီးပွား နှစ်ဦးပိုင်လီမီတက် ဆိုပြီး ဘယ်တော့ ဆိုင်းဘုတ်ချိတ်ရမလဲ မျှော်ရတာမောပေါ့

အားလုံးကတော့ ဒီနှစ် ရွာမှာ စပါးရွေးကောက်ပွဲအပြီးလို့ တစ်ပေးနေကြလေရဲ့။

 

သိုးထိန်း (အန္တိမ)

 

 

 

 

28
Apr
15

စိန့် ခြူး ကြာ ညောင်း

အဆင်ဟာ ပြေလျော့လာတဲ့ သူ့ တိုင်းရင်းသားဆံနွယ်တွေကို မစုစည်းအားဘူး

နိုင်ငံရေးဇာတ်ခုံပေါ်မှာ တင်ပဆုံရိုးတွေ မကျိုးအောင်ပဲ ဂရုစိုက်နေရတယ်

ကြိုးစား ကြိုးစား…မောင်…ကြိုးစား လို့ သူ ဘယ်တော့မှ သြော်မိမယ် မဟုတ်ဘူး

ခုလို ထောက်ခံ မဲတွေ ပိုးစိုးပက်စက်ရခဲ့အောင်လည်း သူ အိပ် မမက်ဘူး

ခုတော့ ကျိန်းစပ်နေတာ ဖဝါးတွေလား ဒူးတွေလား နောက် လား များ စွာ နဲ့

ဆံနွယ်တွေဟာ အထက်က (အစီအစဉ်အရ လို့ ထင်လောက်အောင်) ၁၃ဌာန ခွဲဖြာပြန့်ကျဲလို့

အနန္တစကြဝဠာထဲ အနန္တသတ္တဝါတို့

အနန္တ ရင်းနှီး / ချစ်ကြည် / စည်းလုံး / ညီညွတ် အာလုံး ယူနီဖောင်းဝတ်မှသာ

အားလုံး ယူနီဖောင်းဖြစ်ဖွယ် ရှိနေသည့်အလား

ဘာသာဟာ အရေး တင်မက အဖျက် ပါတတ်လာတော့

အတိုင်း မသိလျှင် လော်ဘီခေါ်ပြီး ပေတံပေးလိုက်ယုံသာ

ခဲတံနဲ့ ခဲဖျက်မပါ အခြေခံဥပဒေ ပြင်ခါမှ သိ ဆိုသလို

မီးဒုတ်ထက် ကီးဘုတ် ရှို့အားပြင်းတဲ့ခေတ်တစ်ခေတ်ဟာ

ငါးဆယ်သန်းသော ဒေါ့ဂ္ဂီဗုတ္တတွေကို ဖွာလန်ကျဲစေမှာလား

နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့သမျှအတွက် APK သာ အေးပါကွာလို့ ပြောခဲ့ရင်

AAဆိုတာ အေးအေးပဲလို့ သိရမယ့်

အားကျရင် အားပြန်သွင်းချင်စရာ လက်သန်းပမာလေး

နောက်ချန် ခံစစ်မှူးတစ်ယောက်လို သူ့မှာ ကျန်တာဆိုလို့ အဲ့ဒါပဲပေါ့လို့

တိုက်ရည် ရွှိုက်ရည် ပြည့် ခံစစ်မှူးကောင်းတွေပါတဲ့ ချဲလ်ဆီးပရိသတ်ကြီး

လှုပ်သွားတဲ့ နီပေါကို ဗဟိုပြုပြီး စုဆီးသွားရင်

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဘုရင်မင်းတရားကြီးတွေဆီ တန်းခနဲ

ရောက်ပါ့မလား ရောက်ပါ့မလားနဲ့ တသွားတည်း သွားခဲ့တာတောင်

စစ်မှန်တဲ့ အုပ်ချုပ်ရေးမို့ စစ်အုပ်ချုပ်ရေးလို့ ဆိုနေတော့ကာ

ကြွက်ဆိုးမ လျှောက်လေရာ မီးခိုးများ အဖွေးသားပါရုံသာမက

ဆွမ်းဆန်များပါ သီတန်းကျကျန်ခဲ့လေရာ

ကျောင်းခေါ်ချိန်၂၅ရာနှုန်းပြည့်တိုင်း အောင်ပေကို အောင်တူနဲ့ ထုတဲ့ပြီး

စကောသိမ်း တိုက်ပွဲအတွက် တစ်နှစ်တာ အကောင်းဆုံးအသင်းကို

ခေါင်းပေါင်စတလူလူနဲ့ ယဉ်ကျေးမှုအရ အော့အန်ပြရတဲ့အခါ

ဒီ အဆင် နဲ့ ဒီ အဆင် ဆိုတာ ပုဝါနှစ်စ အသာချထားတယ် ဆိုတိုင်း

ဘာသာတရား ကိုင်းရှိုင်းမှုအရ ဆဲပြရသလိုသာ…

သိုးထိန်း (အန္တိမ)

18
Feb
15

အလဲ့

တစ်ယောက်တည်း ဖြေတယ်
ခြေတော်တင်ခံထားရတဲ့ သစ်ရွက်ခြောက်တွေရှေ့မှာ
ဝေခွဲမရဖြစ်ခဲ့သမျှအားလုံး ကြွေခွဲ ခွဲလို့ရပြီ
တလွဲဟာ သူ့ဆံပင်တွေကို ဘာခေါင်းလျှော်ရည် သုံးခဲ့တာလဲ

ဦးဆွေးသမျှ မီးမမြည့်တဲ့ ခေတ်ကြီးထဲ
အမှုတော်တစ်ရာကို
ထမ်းသွားရမှာလား ထားခဲ့ရမှာလား
မေးစရာလားနဲ့ စီးစရာလားနဲ့
အဲ့သလို အသက်တွေကို တွက်ရေရင်း
ဖက်တွေကို မေ့လျော့ရင်း
အက်နေတဲ့ အိုးစားလေးကို အဖန်ဖန် ဖာသုံးမိခဲ့ရာက
ဆေးဖက်ဝင် လားမြီးဟာ
ယခုအခါ လူကြိုက်များလာ

(သောအခါ)
နတ်များမှာ ချောင်လာ ပြုန်းလာ
အရစ်ကျလာ
ပြီး
အရင်းရော အဖျားပါ ပေးဆပ်သူတို့ နှလုံးသား ပမာ
သူ ဖုန်းပြီးစားခဲ့သမျှ
သူ ကုန်းပြီးထတဲ့အခါ

အသက်ကို ပြင်းပြင်းနဲ့ အဆက်မပြတ်

တရုတ်ကို ရင်ဆိုင်ဖို့ဟာ ရုရှကို ဖင်ထိုင်ဖို့ဖြစ်မလာဘူးလို့
မပြောနိုင်လို့
ရှောင်ရှားဖို့ ထွက်ပြေးလာကြရသူတွေ

ပင်လယ်ပြင်ကျယ်ကြီးထဲမှာ အမေရိကန်ရေငုတ်
သင်္ဘောတစ်စင်းရဲ့ တိုက်ခိုက်မှုက တန်ပါတယ်ဆိုတဲ့ အတွေးနဲ့
စွန့်သောက်ခဲ့ရတဲ့ ပင်လယ်ရေတွေ
သူတို့အနေနဲ့ ဘာမှ စိုးရိမ်နေစရာ မရှိပါဘူး…အိုကီနာဝါ

သူ့ရဲ့ တိုက်လေယာဉ်ကြီးက ကျွန်မကို ကာကွယ်ဖို့ထက် ထိုးဖောက်ဖို့အတွက်
ကုန်းပတ်ပေါ်က သေနတ်နဲ့ ကုန်တင်လားတွေဆီ လှည့်ပြီး
ချိန်ထားလိုက်တယ်

အနောက်တံခါးကို ဖွင့်ပြီး သေနတ်ထဲထည့်ဖို့ ကျည်ဖူးမကြီးတွေ
အားလုံးနီးနီး ဘောင်းဘီတိုတွေနဲ့

သတ်ဖြတ်မှုတွေပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ တိတ်ဆိတ်ငြိမ်သက်မှုမှာ
အဖတ်ဟာ အရည်ကြည်အဆင့်အထိ လျှောကျသွားတယ်
ဘဝမှာ တစ်ခါမှ တိရစ္ဆာန်ရုံမရောက်ခဲ့ဖူးသလို
နိုင်ငံကြီးတစ်ခုလုံး မျက်လုံးတွေမှိတ်ပြီး သွားတွေပြဲနေပြီ
တလဲ့လဲ့

ကျူးလွန်ခံရသူတွေကို အောက်မေ့တသတဲ့ အထိမ်းအမှတ်အနေနဲ့
သမာသမတ် ပန်းအိုးတွေကို တရိုတသေ ပွတ်သပ်ရတယ်
မိသေ ဖသေ ဖြစ်မှုတိုင်းအတွက် မိမွေးတိုင်း ဖမွေးတိုင်း အမှတ်တရပွဲတွေ
ကျင်း ပ မှာ
နိုင်ငံခြား အတောင်ပံတွေ / ကြိယာတွေ / အရှည်သဖြင့်တွေ
ကုလသမဂ္ဂဟာ ကျင်းဆုံးကျတဲ့အထိ မီးမကူးဘူး

တွေးကြောက် ကြံကြောက် လမ်းကလေးတွေ ဆုံးသွားတယ်

တိကုဦးစီးချုပ်အတွက် သူတို့ခန္ဓာကိုယ်ကို စောင်ခြုံ
မီးမှုတ် ခလုတ်ပိတ်
အကျိုးရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ
လုပ်နေကြောင်းနဲ့
ပြည်ထောင်စုရဲ့ ရှေးရိုးဆန်ခြင်းနဲ့ ခေတ်မီမှုကြား တွန့်ခနဲကားနေတဲ့ ရွာသားတွေ
အလူမီနီယံ ဖိုင်ဘာဂလက်စ်နဲ့ ပေါ်လီကာဘွန်နိတ်တို့လို

နဂ္ဂတစ်တွေကို စောင့်ပေးတဲ့မီးသီး
ဘဝဆိုတာ သူတို့လိုဖြစ်ရမယ်လို့ သူတို့က ပြောတယ်
တောင်ပတ်လမ်းစစ်ပွဲမှာ ကွဲကွာသွားကြတဲ့ ရပ်မိရပ်ဖတွေ

တစ်ညလုံး လာလာ၊ မလာလာ တင်ပို့မှုအားဟာ အတူတူပဲ
နှာခေါင်းတွင်းမှ အဆက်မပြတ် ထုတ်ပြန်လိုက်တဲ့ သွင်းကုန်မူဝါဒ တင်းကျပ်မှု
ပိုပြီးသုံးစွဲဖို့ မရှိသေးတဲ့အတွက် ဘယ်နေရာမဆိုလည်း သွားခွင့်ပေးထားတယ်
အဲဒါ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းသလဲ
လှောင်အိမ်ထဲမှာ တန်းတူအခွင့်အရေးရရှိခဲ့ပြီးမှ
လုံခြုံရေး အစီအမံပိုင်းမှာ
အွန်လိုင်းအခြေခံ နေထိုင်သူများအနေနဲ့ အီးမဲ ပေးလို့ ရမယ်မဟုတ်လား

နောက်ဆုံးတော့လည်း သူတို့ ဆင်တွေကို မသတ်ဖြစ်ကြဘူး

     
     
သိုးထိန်း (အန္တိမ)

16
Dec
14

အသက်ကြီးပြီ။ ဘူးသီးတောင် အရီးမတော်ချင်တော့ဘူး။

နိဗ္ဗာန်က ဝေးလွန်းလို့ ယာဉ်စီးသွားရတယ်
သက်သာဟာ ချောင်လို့ ချိလို့
တစ်မတ်ဈေးထက် ပိုတောင်းလို့ မရနိုင်ဘူး

မြေအောက်ကထွက်လာတဲ့ ယာဉ်တွေ
ဆယ်ကြိမ်တိတိ န ခဲ့တဲ့ ဒဿနတွေ
အရေပြားမှာ ပိုကောင်းတဲ့ မီတာနဲ့
အချက်ပြကိန်းဂဏန်းတွေနဲ့
သင်ဟာ ကမ္ဘာကြီးကို မှီပြီး တင်းနေတဲ့သူ တစ်ယောက် ဖြစ်ခဲ့သလား

မီးတောင်တံခါးတွေကို ဆွဲ ဖွင့်လိုက်တဲ့အခါ
ဘာဂျာတံခါးဟာ တိတ်ဆိတ်စိုစွတ်လို့ပေါ့
စိစစ်ရေးမှာ ခွင့်ပြုချက်မရတဲ့ မျက်တောင်တုတွေအစား
ကျည်ခွံတွေပြောင်းတပ်လိုက်မယ်

မြို့ပတ် နိဗ္ဗာန်ယာဉ်ပေါ်မှာ
ဒီပြောင်းကို ဒီဂွမ်းစလေးနဲ့ သန့်စင်လိုက်ဖို့
ကျောင်းကြီးပေါ်မှာ ဆရာတော်ကြီးရဲ့ လက်စတုံး ဖျောက်ဖျက်ခံလိုက်ရတဲ့
ရောသမမွှေ ဆွမ်းထမင်းဟင်းတွေကို တရားရှူမှတ်ခဲ့ရတယ်

လေ့ကျင့်ပျိုးထောင်ထားတာ ကြာခဲ့ပြီဖြစ်တဲ့
ဆာလောင်မွတ်တီးနေတဲ့ ခွေးခြင်္သေ့တွေ
နင်နေငါသွားလို့ သဘောမထားရက်နိုင်ပါဘူး
ချက် လို့ ဆိုနေတာကို နားခွက်ထဲ လက်နှိုက်လို့ မဖြစ်ဘူး

မီးတောက်တာ အရက်ပဲလို့
တစ်လုပ်ကို ထမင်း ၁ဝ၈လုံး စီနေတဲ့ ကပ္ပိယကြီးက မျက်စိမှိတ်ပြီးပြောတယ်
ပြီးတော့မှ အကြမ်းအိုးကြီးကို လှမ်းဆွဲလိုက်တယ်
ဒီနှစ်တော့ ကောက်ပဲသီးနှံတွေ အထွက်တိုးမယ်လို့
ပင်လယ်ကွေ့ကို တိုင်တည်ပြီး အဘ ဘုန်းကြီး သစ္စာဆိုတယ်

နိုင်ငံရေးဆိုင်ရာ အာရုံတွေကို အရင် သတ်နေရင်းက
တစ်နေ့ကို ပေါက်ကွဲမှု ၁၃ ကြိမ်လောက် ဖြစ်နေတော့
မဟာဖြေဆေးကို အရှင်လတ်လတ် မီးရှို့လိုက်ဖို့ပဲ ဆုံးဖြတ်ချက် ချလိုက်ရတယ်

ရုတ်တရက်မိုးရွာချလိုက်သလို အပြောင်းအလဲတွေ
သူ့စစ်ဦးထုပ်က သူ့နဖူးဟာ သူများထက်မထူးဘူးဆိုတာကို ဖုံးကွယ်ဖို့
ပလတ်စတစ်တင့်ကားတွေ တိရစ္ဆာန်အရုပ်ကလေးတွေ
တစ်နိုင်ငံ တစ်ယူနီဖောင်းစနစ်ပဲ

သီရိသုဓမ္မာပုခုံးပေါ်မှာ ခရိုနီ လှည်းကျိုးကြီးထမ်းလို့
ရွာထဲသူပြန်ဝင်လာပုံက ဆိုက်ဘေးရီးယန်းနွားတစ်ကောင်လို ပျော်ရွှင်မှုမျိုးနဲ့
တီးလို့ ဆိုလို့ ကလို့ ခုန်လို့

လှောင်အိမ်ထဲက အပြုံးတွေကို ရေဘူးထဲ ပြောင်းထည့်လိုက်တယ်
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ အောင်မြင်နေတော့
အလှောင်ခံရမှာကို ထည့်မတွက်နိုင်တဲ့ ဆိုဗီယက်တပ်တွေ
တစ်နေ့နဲ့တစ်နေ့တော့ အနံ့ချင်း မတူဘူး

အဘွားကို ဂျပန်တွေ သိမ်းသွားတော့
အဘိုး လူပျိုကြီး ဖြစ်ကျန်ခဲ့တာလား လူအိုကြီး ဖြစ်ကျန်ခဲ့တာလား
နောက်ဆုံးမြင်လိုက်ရတဲ့အချိန်က သူဟာ ဘူတာရုံမှာရပ်ပြီး
ပြတင်းပေါက်က ထုတ်ထားတဲ့ ခေါင်းတွေကို မြက်ရိတ်ဓါးနဲ့ လိုက် တိပေးနေတာ
အခုဆိုရင်တော့ သူတို့ထဲက အတော်များများဟာ ပင်လယ်ပြင်အောက်ခြေမှာ နစ်မြှုပ်နေခဲ့ပြီ

သွားရည်တမြားမြားနဲ့ အစွယ်ကြီးတွေကို လှီးဖြတ်အပြီးမှာ
စိစစ်ရေးက ခွင့်ပြုမိန့် ကျ လာတယ်
ရေငုပ်သင်္ဘောတစ်စင်းရဲ့ အိပ်မက်ဟာ ရေစုန်မျောခြင်းပဲ ဖြစ်မှာပါ
ဆာဆဲဘိုးဆိပ်ကမ်းကို ဆိုက်တဲ့အထိပေါ့

ကြောင်တစ်ကောင်က ကြွက်ကို ချောင်းနေသလို…
အားလုံးပြီးသွားတော့မှ ဆင်ကြီးတွေ ခြင်္သေ့တွေအကြောင်း ဆက်ပြောမယ်

သိုးထိန်း (အန္တိမ)

10
Sep
14

ဒိုင်းကြောင့်

တချို့က ဒိုင်းကြောင့်ဆိုတာ ဒိုင်းညှောင့်ကနေ ရွေ့လျောပြောင်းလဲလာတာလို့ ပြောတယ်

တချို့ကလည်း ဒိုင်းကြောင့်ဆိုတာ ဒိုင်ကြောင်ကနေ ခွဲထွက်လာတဲ့ ဟာတဲ့

တချို့ကတော့ ဒိုင်းကြောင့်ဆိုတာ ဒိုင်းညှောင့်ကိုင်(ခဲ့)ပြီး ဒိုင်ကြောင်လွှတ်တဲ့သူတွေကို ခေါ်တာပါ ဆိုပဲ

ဤဟာဤ ကျွဲဟာကျွဲ ဆိုရင် ဒိုင်းကြောင့်ဟာ ဒိုင်းကြောင့်ပဲပေါ့

တလောက လှလှကြီးနေရာမှာ ဒိုင်းကြောင့်ကို အစားထိုးဖတ်ကြည့်မိတော့

ဒိုင်းကြောင့်ဟာ နိုဗယ်ဆုကို ပထမဦးဆုံး ပြန်ရုပ်သိမ်းခံရတဲ့ ပုဂ္ဂိုလ်ထူး ဖြစ်သွားတယ်

တစ်နေ့ !!! ဒိုင်းကြောင့်!! သင်ပေးဆပ်ရလိမ့်မယ်…အဲ့လို ဖြစ်မလား?

အိပ်ပျော်နေတဲ့ ကာလနဂါးကြီး အီအီးပေါက်တဲ့အခါ “ဒိုင်းကြောင့်” လို့ မြည်သတဲ့

သစ်ပင်တွေပေါ်မှာ ဒိုင်းကြောင့်ကို ချိတ်ဆွဲကြည့်ကြတယ်

သစ်တစ်ပင်လုံး ခြေဆုံးခေါင်းဆုံး ဘယ်လိုကောင်းကောင်း ငှက်တစ်ကောင်မှ လာမနားတော့ဘူး

ဒိုင်းကြောင့်ကို ၁၅ဝဝနဲ့ အော်ရောင်းကြတယ်

မျက်စိရှေ့တင် ၂၅ဝဝဝ ကနေ ၁ဝဝဝဝဝ ဝန်းကျင်ထိ ခုန်တက်သွားတယ်

ဒိုင်းကြောင့်ဟာ တက်ပြီးရင် ပြန်ဆင်းလေ့ မရှိဘူးတဲ့

ဒါကြောင့် ဒိုင်းကြောင့်ကိုတွေ့ရင် လက်အုပ်ချီရတယ်

ကာလအတန်ကြာ ပျောက်နေရာက ဒိုင်းကြောင့်ဟာ တူတစ်လက်ကိုင်ပြီး ပြန်ရောက်လာတယ်

သူဟာ မဲမဲမြင်သမျှ လိုက်ထုတော့တာပဲ

အဲ့တော့မှ ဒိုင်းကြောင့်ဟာ အထုအထောင်းတော်သူဖြစ်မှန်း အားလုံး ဝိုင်းသိကြ

(သူ့အထုခံရပြီး ထွက်သွားသူတွေလည်း ရှိတာပေါ့)

သူနေတဲ့မြို့မှာ ဥမင်လှိုဏ်ခေါင်းကြီးတွေရှိကြောင်း သတင်းတွေ သိုးသိုးညစ်ညစ်ထွက်လာတော့မှ

ဒိုင်းကြောင့်ဟာ တွင်းအောင်းသတ္တဝါတစ်ကောင်ဖြစ်ကြောင်း တချို့တွေ ရိပ်စားမိကြ

“ဟေး…ဒီမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေကို လာ ချောင်းကြည့်ကြ” လို့အော်ပြီး

အပေါက်ကလေးတစ်ဖက်ကနေ ဆိပ်လူးမြှားနဲ့ စောင့်နေသူဟာ ဒိုင်းကြောင့်ပဲပေါ့

ဒိုင်းကြောင့်ဟာ ကြွက်တွေရဲ့ သွားတွေကို ချွန်မြစေပြီး

ကြောင်တွေရဲ့ လက်သည်းတွေကို ပန်းပွင့်တွေလို အထင်မှားစေနိုင်ရဲ့

ဒိုင်းကြောင့်ဟာ ဘောင်းဘီဝတ်တုန်းကတော့ အကောင်းသားပဲ

ပုဆိုးပြောင်းဝတ်တော့မှ လူတကာကို လှန်လှန်ပြချင်တဲ့စိတ်ကို ထိန်းမရဘူးတဲ့

ဒါကို မကြည့်မမြင်ရက်သူတွေက တစ်ယောက် ၃သိန်းထက်မပိုတဲ့ငွေနဲ့ ဒိုင်းကြောင့်ကို တောင်းပန်ကြတယ်

လွှတ်တော်ထဲမယ် အိပ်ငိုက်နေတဲ့ ဒိုင်းကြောင့် တချို့ကို

ဘာကြောင့်ငိုက်ငိုက် မျက်စိပိတ်ပြီး ငိုက် လို့ ဘယ်သူမှ မပြောဖြစ်ခဲ့ကြဘူး

ဒိုင်းကြောင့်ဟာ အပစ်အခပ်ရပ်စဲရေးစာချုပ်တွေပေါ်မှာ correction pen ကထွက်တဲ့ အဖြူစက်ပဲ

ဖုံးကွယ်ခံထားရတဲ့ အမှန်တရားဟာ ကျည်မဖြည့်ရသေးတဲ့ သေနတ်ဆိုရင်

ခလုပ်ကိုဆွဲတဲ့အခါ ဒိုင်းကြောင့်လို့ ထအော်မှာပေါ့

တချို့က ဒိုင်းကြောင့်ဟာ မျက်လှည့်ဆရာပါတဲ့

တချို့ကလည်း ဒိုင်းကြောင့်ဟာ မှော်ဆရာပါတဲ့

ဘာဖြစ်ဖြစ် သူဟာ ကျောက်စိမ်းတုံးကြီးတွေကအစ ဧရာမတောင်ကြီးတွေအဆုံး

အားလုံးကို မျက်စိရှေ့မှောက်ကနေ လုံးဝပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်သူပါ

ခု ခင်ဗျားတို့ မြိန်ယှက်စွာ ခံစားနေကြတဲ့ စေတနာအမှားတွေဆိုတာ ဒိုင်းကြောင့်ပဲပေါ့

ဒိုင်းကြောင့်ဟာ ပြည်သူလူထုနဲ့ မဆိုင်သလိုနေတဲ့ ရှားပါး သယံဇာတပါ

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဒိုင်းကြောင့်ပဲတဲ့

အနန္တကိုမလိုဘူး ဒိုင်းကြောင့်ပဲလိုတယ် လို့

ဒီမိုကရက်တစ်မြောက်ကိုရီးယား သမ္မတလောင်းကင်မြောင်အင့်က မိန့်ခွန်းတစ်ခုမှာ ပြောခဲ့ဖူးသလား

ဒိုင်းကြောင့်ဟာ ကွန်တန်ပလာရီပါဗျာလို့ တစ်ယောက်ယောက်က ပြောလာရင်လည်း မအံ့သြစေချင်ဘူး

အများကတော့ ပြောနေကြပြီ ဒီတစ်နှစ်တော့ သိကြားမင်းဟာ ဒိုင်းကြောင့် ကိုင်ပြီးဆင်းမှာတဲ့

သဗ္ဗေသတ္တာ ဒိုင်းကြောင့်သကာ ပဲမဟုတ်လား

ဒိုင်းကြောင့်အကြောင်း ဒီထက် ဂဃနဏသိချင်ရင် ဒိုင်းကြောင့်ခိုင်ရေးနဲ့ ဒိုင်းကြောင့်ဖြိုးရေးပါတီကို ဝင်ပါ

 

သိုးထိန်း (အန္တိမ)




categories

archives