လူတွေဟာ မတူကြပါလားလို့ အတွေးတွေရှိနေရင်

သက်ကြီးရွယ်အိုတွေကို အသာခေါင်းညိတ်ပြလိုက်တယ်

တွန့်ရွနေတဲ့ လမ်း

အရိုးပြိုင်းရိုင်း လမ်း

အတော့်ကိုဆိုးတဲ့ လမ်း

သွားစမ်းပါ၊

အို အပြုံးတွေ

ကျွန်တော်တို့  ဟာလည်း သူ့တို့ အတွက်ချည်းပါပဲ

ဝေဒနာတွေကို အီးမေးလ်ရထားပြီးပြီမို့ တွေးကြည့်နေရင်

ညင်သာစွာ စီးခွင်း ခဲ့သမျှ ပင်လယ်

ကမ်းစပ်ဆိုတာက

ကျွန်တော်လည်း မရောက်ဖူးသေးတဲ့နေရာ၊

လမ်းဘေးကလေး လမ်းဘေးခွေးလို့ ဝိုင်းငေါက်တောက်ထိုး လက်ညှိုးများ

လူ့အဖွဲ့အစည်း နဲ့ အနုပညာလောကကြီး က အတော့်ကိုဆိုးတယ်

ဒါကိုပဲ တွေးပြီး သာယာကြည့်လိုက်မိတယ်

သေသူ အမြဲ နေသူ အပြဲပဲ

လာတုန်းကတော့ အလာလမ်း၊ ပြန်တော့လည်း အပြန်လမ်းပေါ့

ဆိုတဲ့ကြော်ငြာဆိုင်းဘုဒ်ကြီးတစ်ခုက စာတန်းဟာ လမ်းနေရာမှာ

လမ်းရာမရှိလည်း သူ့အဓိပ္ပာယ်နဲ့ သူ

အကျိုးပြုခဲ့တာ အကျိုးမပြုခဲ့တာဟာ

လူတွေကသာ လုပ်နေကြတာ

လူတွေဖြစ်ပြီး မလုပ်တဲ့ သူတွေလည်းရှိတယ်

တကယ်မရှိတဲ့ စိတ်ကူးတွေက ချာလည်လည်ပြီး

တကယ်ရှိတဲ့ နားစည်မှာလာစိုက်နေတယ်

အကောင်ထည်မရှိတဲ့ စကားတွေကို အကောင်ထည်ရှိတဲ့ လူတွေက

အကောင်ထည် ဖော်သင့် မဖော်သင့်

တစ်ယောက်အိပ်ဖျာပေါ်မှာ တစ်မျိုးသားသမီးလုံး ဝိုင်းဝန်းစဉ်းစားဖို့ လို မလို

စကားထောက်ပေးတယ်

ဟုတ်ကဲ့၊ မင်္ဂလာပါခင်ဗျာ

ကျွန်တော်တို့ တီထွင်လိုက်တဲ့ စက်ရုပ်ကြီးဟာ သူ့သားကို

ခွေးဖြစ်မယ့်အကောင်လို့ မခေါ်တော့ဘဲ မကြီးပွားချင်တဲ့ အကောင်လို့ပဲ ခေါ်ပါတော့တယ်

ကျွန်တော်တို့တစ်တွေက မကြီးပွားချင်တဲ့ ကောင်တွေချည်းပဲ

သွေးပျက်စရာ အရမ်းကောင်းတယ်

ယဉ်းကျေးသိမ်မွေ့လုံခြုံတဲ့ ကန်စွန်းခင်းကန်ထဲမှာ

ပရိုဂရမ်ဆွဲထားတဲ့အတိုင်း

ကလေးတွေရော ခွေးတွေရော ရေကူးပျော်မြူးလို့

သူတို့က မျိုးနဲ့ ရိုးနဲ့ပဲ

ရိုရိုသေသေ ရိုးရိုးသေးသေးပဲ

ဘာ စောဒကမှ တက်စရာမရှိပါဘူး

ရှုံးနေတဲ့ စတော့ခ်၊ သေနေတဲ့ စတော့ခ်က ဘယ်လိုအသုံးကျသလဲလို့ မေးတယ်

ထရော့စကီး၊ ပြည်သူ့အတွက် ထရော့စကီး၊

ဆွေကြီးမျိုးကြီးထဲက ထရော့စကီး၊ တပ်နီတော်ရဲ့ ထရော့စကီး၊

ဧည့်သည်ဝတ္တရားကျေတဲ့ ထရော့စကီး၊

သွားတစ်ချောင်းကျိုးလာတိုင်း လက်သီးပြင်းတဲ့ ထရော့စကီး၊

ဒါပေတဲ့လည်း ဘာလုပ်လို့ လုပ်နေမှန်း မသိရတဲ့လူတွေ

တစ်သက်လုံး ကွန်ပျူတာဂိမ်းထဲမှာ တက္ကစီမောင်းနေတဲ့လူတွေဟာ

တကယ့်ဘဝမှာ တက္ကစီပိုင်ရှင်တွေ ဖြစ်လာမယ်လား

ကုဒ်တွေထဲ ပိတ်မိနေရာကနေ . .

မဟုတ်မှန်းသိပေတဲ့ မဟုတ်ဘူးလို့ မပြောဘူး

လင်မနစ်ကို အကုန် သောက်ချလိုက်ပြီး ဖယောင်းတိုင်ကို မှုတ်လိုက်တယ်

နားထောင်တဲ့ အလုပ်က လူသက်သာတယ် ဘာမှတော့ မကျန်ဘူး

ဒါပေတဲ့ အလုပ်ဟာ အလုပ်ပဲ

မိုးကုပ်စက်ဝိုင်းဟာ ကော့ပရိတ်လူကြီးတွေ၊ ကုန်သည်ကြီးတွေရဲ့ တံစက်မြိတ်

ဇာတ်စင်တွေပေါ်က ယုံစရာကောင်းလောက်တဲ့ ပြောစကားတွေ

အဝေးဆုံးမှာ လှလှပပ ကန်သွင်းထားတဲ့ own goal တွေ

ပြည်တွင်းဖြစ် ကိုယ်ပိုင်ရည်မှန်းချက်တွေပါ

သူ့ ခံစားချက်တွေပါ  ကြွက်တွင်းထဲ တန်းစီပြီး တစ်ထစ်ချင်း ၀င်သွား

လမ်းဆုံးသွားသည့်တိုင်

ပွဲတက်မယားအဖြစ်လောက်ပဲ တည်ဆောက်ဆောက်ခံထားရတဲ့

လူမှုအဆောက်ဦးအိုကြီးဟာ မျက်ခုံးပေါ် တက်တူးထိုးခံလိုက်ရပြီ

အရောင်ကို စုံနေတာပဲ

မျက်စိအပျင်းပြေ လို့ ခင်ဗျား တွေးချင်တွေးမယ်

စဉ်းစားကြည့်လေ စိတ်လေတယ် လို့ ခင်ဗျား ဆိုချင်ဆိုမယ်

ကြိုတင်အတွေးနဲ့ ပျော်ရွှင်စရာကို စီမံကိန်းချကြည့်

နာရီ နဲ့ ပိုက်ဆံ ထိသွားတဲ့နေရာမှာ Time is Moneyတဲ့

လူတိုင်းလျှောက်တဲ့လမ်း

လူတိုင်းမလျှောက်တဲ့လမ်း

လိုက်ပို့စမ်းပါဗျာလို့ ပြောမရဘူး

ဘာသာစကားဆိုတာကလည်း

ထမင်းစား၊ရေသောက် ကနေ ချစ်မှု နဲ့  နိဗ္ဗာန်မျက်မှောက် ပြုတာအထိ

မဟုတ်လား

 

သိုးထိန်း(အန္တိမ)

 

လင်းနီညို ၏  ” လေတိုက်လျှင် အရွက်လှုပ်သော” ကို ပြုပြင်ချဲ့ထွင်သည်။

shifts in contemporary poetics

a wreckage or a disguise

or a reflection of language

it is something essential

to a writing process

to a typewriter

to a wordprocessor

to radically nomadic manuscripts

the publication of leaves

the procrastination of grasses

by turning inward and stressing outward

a unique undertaking

to reconstruct what others deconstructed

packing and unpacking and packing

words, phrases, and even whole lines

the compositional performance of both found and wrote

but there is enough as with diaries or correspondences

 

-th

but without the intimacy

 

innovative evens and isolative odds

work extensively on the encoding and transcription

as well as dating entanglement

in ways far more significant than enlightenment

if that happens, give me no reason

or something like that

sustainable and skeptical

don’t distort excavation or revelation

let’s say no one is going to walk towards the poetry

as our commitments wouldn’t slide open humanity nor humour

as well as hypocrites

at the same time at the other places

 

-th

ရယ်ရတယ်… ဗြဲ ဆိုမှတော့ ငိုရတယ်… ဟီး ပေါ့

 

နောက်နားက ခမောက်ကြီးဆောင်းပြီး ပေါက်ပြားကိုင်ထားပေတဲ့

လူသာမှန်ပြီး နေရာမမှန်တော့ကာ

မှန်အောင်လုပ်စမ်း မှန်အောင်လုပ်စမ်း လန်ထွက်နေတာပဲဆိုရလောက်အောင်

ဘုရင်ကြီးသေပြီး မိဖုရားကြီးလည်း သေတယ်

မိဖုရားကြီး သေတာနဲ့ ပတ်သက်လို့ ဘယ်သူမှ မသိကြဘူး

တောင်ကြီးပဲလှော်ရလား ဆိုတာလည်း ဘယ်သူမှ မသိကြဘူး

ဘုရင်ကြီးပဲ သိတယ် ကဗျာဆရာရဲ့ ဆရာဟာ ဆရာ့ဆရာကြီးပဲ ဖြစ်မှာပေါ့

ဝမ်းနည်းနေသလား၊ ဝမ်းများနေသလားဆိုတော့လည်း

အတော်နှုတ်နည်းနေကြတော့ ဘာမှပြန်မဖြေဘဲ

ကားဂိတ်ရှိခဲ့ဖူးတဲ့ နေရာကိုပဲ ကြည့်နေမိတယ်

မရှိတော့တဲ့ လူတွေကို အဖြေပေးစရာ လိုသေးလို့လား

စကတည်းက ကားခဲ့ကြတဲ့ စကားများတဲ့ မိန်းမ/ယောက်ျားတွေဟာ

လမ်းပုံစံကို ပြောင်းပစ်မှာမို့လို့ ဒီနေရာမှာ စကားလမ်းကြောင်း ထားခဲ့မယ်

မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ အခု မရှိတော့တဲ့

ကားဂိတ်ဆီကိုလာပြီး ကားလာစောင့်တဲ့လူတွေအကြောင်း

အရသာခံပြီးမှ အရသာဟာ သူခံလိုက်ရတဲ့အကြောင်း သူပြန်သိသွားပြီး

လောကမှာရှိနေတဲ့ အရာတိုင်းကို သိနေစရာမှမလိုဘဲလေလို့ ဆက်ပြီးတွေးမိတယ်

ခေါင်းပေါ်မှာ ထီးကို ဟန်ကျပန်ကျဆောင်းထားလိုက်တော့ စိတ်ဝင်စားပုံ မပေါ်တော့ဘူး

ဒါပေတဲ့ လမ်းဆိုတာ ဟိုဖက်ကို ဖြတ်ကူးစရာနေရာတော့ ရှိမှာပေါ့ဆိုတဲ့ သဘောပဲ မဟုတ်လား

ဘာမှပြန်မဖြေဘဲ နှုတ်ခမ်းနဲ့ အသာတေ့ထားပြီး လျှာအဖျားကလေးကနေတစ်ဆင့်

မိန်းမဆိုတာ ယောက်ျားမရှိရင် မနေတတ်ဘူးဆိုတာ ဘာလို့ အာမခံနိုင်ရတာလဲလို့ ပြန်မေးတယ်

ယောက်ျားဆိုတာလည်း မိန်းမမရှိရင် မနေတတ်ဘူး မဟုတ်လားလို့ ထပ်မေးတယ်

မိဖုရားကြီး သေတာနဲ့ ပတ်သက်လို့ ဘယ်သူမှ မသိကြဘူး မဟုတ်လား

ကားဂိတ်ကလူတွေ ဘယ်ကို သွားကြတာလဲလည်း ဘယ်သူမှ မသိကြဘူး

အရသာဟာ သူ့ရည်းစား သူများနဲ့လိုက်သွားလို့

ဘယ်ကို သွားကြတာလဲ ဆိုတာလေး မေးကြည့်စမ်းပါလို့ လှမ်းပြောတယ်

ဘ၀ဆိုတာ ပေါက်ပြားကိုင်ထားတဲ့လက်ဖျံပေါ်က ငန်ငြိငြိချွေးစက်တွေပါ ဘုရား

ဘာဖြေရမှန်းမသိဘူး ဘုရင်ကြီးပဲ သိတယ်

သူတို့မှာ သာယာတဲ့အတိတ်ဆိုတာ မရှိခဲ့ဖူးဘူး

အတိတ်နဲ့ ပစ္စုပ္ပန်ဆိုတာ စိတ်နဲ့ဘဲ ဖြတ်ကူးရတဲ့ ဟိုဖက်ကမ်းနဲ့ ဒီဖက်ကမ်းဘဲ

အနာဂါတ်ကတော့ သွားရင်းသွားရင်း ရောက်သွားရတာမျိုး

ဒီတော့လည်း တောတွေးတောင်တွေး တွေးမိတယ်

ဟိုဖက်ကိုများရောက်ရင် ဘာဆက်လုပ်ကြမလဲပေါ့

 

သိုးထိန်း(အန္တိမ)

ရဲရင်မင်းဖြစ်၊ မင်းဖြစ်တော့ အားလုံးဝိုင်းကန်/ခံ

ခွီးးးးးးစ်စ်စ်စ်…တသိမ့်သိမ့်ငိုရှိုက်သံလည်း မကြားနိုင်တော့ပြီ

ခွင့်လွှတ်ဖို့ အသင့်ပြင်၊ နေရာယူ၊ နောက် လူကိုလည်းယူ

ပေါက်စီကိုလည်းယူ၊ ကျဆိမ့်ကိုလည်းယူ

အရသာခံရင်း အရင်းသာခံရလို့တော့ လို့လည်းယူ

နာသုံးနာ နဲ့ နံသုံးနံ

နာမည်လား? နံမည်လား?

နာလည်းနာ နံလည်းနံလား?

ဘာမှ အသေအချာမလုပ်ပဲရတဲ့ ဒဏ်ရာတွေနဲ့

အိမ်ထဲက မထွက်နိုင်သူကြီးငဲ့

စစ်အပြီးမှာ စစ်ဒဏ်ကြောင့် စုတ်ပြတ်သွားတယ်

ချစ်အပြီးမှာ ချစ်ဒဏ်ကြောင့် စုတ်ပြတ်သွားတယ်

အသက်ရှင်နေရတဲ့ အခိုက်အတန့်မှာ

ပေးဆပ်မှုတွေ၊ တာဝန်ယူမှုတွေ၊ တောင်းဆိုမှုတွေ ခေါ်မကြား/အော်မကြား

ဒါကို ခင်ဗျားလည်း သိပြီးသားဖြစ်မှာပါ

အရိုးပြာကို ဓါတ်ဆီလောင်းပြီး မီးထပ်ရှို့ပစ်လိုက်

တဖျစ်ဖျစ်နဲ့ တစ်ယောက်အသားကိုတစ်ယောက် လက်သည်းနဲ့ ချစ်/ခြစ် နေတာတွေ

လူဝင်စားတွေ လူစားဝင်ကန်နေကြတဲ့အခါ ခြေပေါ်တာ ဒူးပေါ်တာ ပေါင်ပေါ်တာ

မပေါ်လာလည်း ပေါ်တာဆွဲတယ်လို့ပဲမှတ်

ဗျူဟာအခင်းအကျင်းမှာ အသိတရားတွေ ကျုံ့လာပြီ၊ ဋ္ဌာနချုပ်ကို ၀ိုင်းထားပြီ

တို့အကွာအဝေးကော ဘယ်လောက်ဖြစ်မလဲ

ကောင်မလေးရဲ့အိမ်နံရံကို ကောင်လေးက ခေါင်းထိုးတိုးဝင်လို့

တစ်ယောက်က ကောင်းကင်ကို မျက်မှောက်ပြုလို့

တစ်ယောက်က မြေကြီးကို မျက်မှောက်ပြုလို့

ကာလမေ့၊ အာကာသမေ့ ဆွဲငင်ပေါက်ကွဲဓါတ်ပြုကြတော့မလို့

ထွက်ပေါက်မရှိ ကြိုးစားတာပဲ

ထာဝရ ပိတ်မိနေချင်တော့တယ်ကွယ်တဲ့

ရွာဘက်က လူတွေလို အမှတ်အသားပြုပြီး ပြောရရင်တော့

နာဂစ်ကြီး တိုက်သွားသလိုပဲ

မတွေ့လိုက်ရ မကြုံလိုက်ရလို့တော့ ဝမ်းနည်းခြင်းမဖြစ်လေနဲ့

အဲဒီကိုရောက်ဖို့ကတော့

မောင်တို့ မယ်တို့ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက်

လက်တွေ့ဆောင်ရွက်ချက်များဖြင့်သာ ဖန်တီးတည်ဆောက်နိုင်တာမျိုးပါ

ခင်ဗျားရဲ့ အကြွင်းအကျန်နဲ့ ကျွန်တော် ညှိယူလိုက်မယ်၊ ကျေးဇူးပဲနော်

ဘယ်ကစလို့ ဘယ်လိုဆုံးလိုက်သလဲ ဘယ်သူမှမမေးလည်း

ဖြစ်သလို တွန့်လိမ်ကောက်ကွေးရင်း တခွီးခွီး ငိုရှိုက်လို့ ဗရမ်းဗတာ

 

သိုးထိန်း(အန္တိမ)

 

ကိုးကား။  ။

ဟိုတုန်းကတည်းက ၀တ္ထု ( ဇေယျာလင်း)

ရုပ်နာမ်ခန္ဓာသိင်္ဂါရ ( ဇေယျာလင်း)

ဘီယွန်းဆစ်အေအမ် (မိုးဆတ်)

ငါးသေတ္တာလို့ နာမည်ပေးထားတဲ့ လိမ္မော်သီး

ကျွန်တော် ပန်းချီဆရာမဟုတ်ဘူး။ ကျွန်တော်ဟာ ကဗျာဆရာ။ ကျွန်တော်ဟာ လက်သမားမဟုတ်ဘူး။ ကျွန်တော်က ကဗျာဆရာ။ ဘာဖြစ်လို့လဲ။ တစ်ခါတစ်လေတော့ လက်သမားဖြစ်ရင် အကောင်းသားလို့ တွေးမိပေမယ့် ကျွန်တော်ဟာ လက်သမားမဟုတ်ဘူး။ ပန်းချီဆရာဖြစ်ရတာ ပိုကောင်းမယ်ထင်ပေမယ့် ကျွန်တော်ပန်းချီဆရာ မဟုတ်ဘူး။ ပြောရရင် ဥပမာဆိုပါတော့။ ကျွန်တော့် သူငယ်ချင်းပန်းချီဆရာ ပန်းချီတစ်ကား စဆွဲနေတယ်။ ကျွန်တော့် သူငယ်ချင်း လက်သမားဟာ အိမ်တစ်လုံး ဆောက်နေတယ်။ ကျွန်တော်ရောက်သွားတယ်။ ထိုင်ဦး၊ တစ်ခုခုသောက်လို့ ပြောတယ်။ ကျွန်တော်သောက်တယ်၊ သူသောက်တယ်။ ကျွန်တော့်ကို တူတစ်လက်ပေးပြီး ပြောတယ်။ ရိုက်တော့။ ကျွန်တော်ရိုက်တယ်။ သူရိုက်တယ်။ ကျွန်တော် မော့ကြည့်တယ်။ အမိုးက ဘယ်မှာလဲဗျ။ အဲဒီအထိ မရောက်သေးဘူး။ သြော်၊ အဲသလိုလား။ ခင်ဗျားပန်းချီကားထဲမှာ ငါးသေတ္တာပါနေတယ်။ သူပြန်ဖြေတယ်။ ဟုတ်တယ်၊ အဲဒီကားထဲမှာ တစ်ခုခုထည့်ဖို့လိုနေလို့။ ကျွန်တော်ပြန်သွားတယ်၊ ရက်တွေကုန်လွန်သွားတယ်၊ ကျွန်တော်နောက်တစ်ခေါက်ရောက်ပြန်တယ်။ ကျွန်တော် ပြန်သွားတယ်။ ကြယ်တွေအကြောင်း တွေးမိပြီး ကြယ်တွေအကြောင်း ကဗျာတစ်ပုဒ် ရေးချင်လာတယ်။ ရက်တွေ ကုန်လွန်သွားတယ်။ နောက်တစ်ခေါက် ပြန်ရောက်လာတယ်။ ပန်းချီကားဟာ  မပြီးသေးဘူး။ အမိုး ဆောက်ပြီးသွားတယ်။ ကျွန်တော် ပြန်သွားတယ်။ ရက်တွေ ကုန်လွန်သွားတယ်။ ကျွန်တော် ကဗျာတစ်ပုဒ် စရေးတယ်။ လက်နှိပ်စက်တစ်လုံးကို ဆွဲပြီး စရိုက်တော့တယ်။ ကျွန်တော်ရောက်ပြန်တယ်။ ကျွန်တော်ပြန်သွားတယ်။ မကြာခင်မှာပဲ စာမျက်နှာတွေ အများကြီး၊ ကြယ်တွေအကြောင်း စကားလုံးတွေ ဧကလိုက်။ ရက်တွေကုန်လွန်သွားတယ်။ ကျွန်တော်ထပ်ရောက်ပြန်တယ်။ ပန်းချီကားဟာ ပြီးသွားပြီ။ ကော်ဖီကုန်သွားတော့ စားသောက်ဆိုင်ကို သွားတယ်။ ဘီယာတစ်လုံး မှာသောက်တယ်။ ဘေးမှာထိုင်နေတဲ့ မိန်းမတစ်ယောက်က လာစကားပြောတယ်။ ငါးသေတ္တာ ဘယ်ရောက်သွားလဲ။ ပန်းချီကားထဲမှာ အက္ခရာစာလုံးတွေပဲရှိတော့တယ်။ သူမ ဆယ့်နှစ်နှစ်အရွယ်က ပထွေးရဲ့ မတရားကျင့်ခံရလို့ ထောင်ထွက်တစ်ယောက်နဲ့ လိုက်ပြေး၊ ယောင်္ကျားက မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံလိုက်ရ၊ သူမမှာ ဗိုက်တစ်လုံးနဲ့ကျန်၊ စစ်သားတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး၊ ဂျာမနီကိုရောက်သွား၊ ကလေးဟာ ကျောက်ကပ် အလုပ်မလုပ်တော့လို့သေ၊ အမေရိကန် ပြန်လာပြီး အမေနဲ့ အခုနေနေတဲ့အကြောင်း ပြောတယ်။ ကျွန်တော်မနိုင်တော့လို့။ ကျွန်တော် ဘီယာတွေ အများကြီး သောက်ချလိုက်တယ်။ ပြီး အပြင်ထွက်၊ မြေကွက်လပ်တစ်ခုမှာ သွားလှဲချပြီး ကြယ်တွေကို မော့ကြည့်၊ ကြယ်တွေ အရေအတွက် ဘယ်လောက်ရှိပြီး၊ ဘယ်လို အံ့သြဖွယ်ရာကဗျာ ရေးလို့ရမယ်လို့ တွေးရင်း လက်ထဲမှာ ဘီယာတစ်လုံးနဲ့ အိပ်မောကျသွားတယ်။ နောက်တစ်နေ့မှာ ကျွန်တော်စဉ်းစားနေမိတာ အရောင်တစ်ရောင်၊ လိမ္မော်ရောင်။ လိမ္မော်အကြောင်းတစ်ပါဒ ကျွန်တော်ချရေးလိုက်တယ်။ မကြာခင်မှာ တစ်မျက်နှာလုံး စကားလုံးတွေ ပြည့်သွားတယ်။ ပါဒတွေမဟုတ်တော့ဘူး။ ပြီးနောက်တစ်မျက်နှာ။ အများကြီး ပါရှိသင့်တာပေါ့။ လိမ္မော်အကြောင်းမဟုတ်တဲ့ စကားလုံးတွေ၊ လိမ္မော်ဟာ ဘယ်လောက်ဆိုးဝါးတယ်ဆိုတာတွေ၊ ဘဝတွေ။ ဒါပေမယ့် ဘီယာရယ်၊ ကြယ်တွေရယ်၊ ကျွန်တော့်ပိုက်ဆံအိတ်ရယ် မရှိတော့ဘူး။ ရက်တွေကုန်လွန်သွားတယ်။ အိမ်ကလေးက ပြီးသွားပြီ။ မိသားစုတစ်ခု နေထိုင်နေကြပြီ။  စကားပြေနဲ့တောင် ကျွန်တော်ရေးနေပြီ။ သူတို့မွေးထားတဲ့ခွေးကို ကျွန်တော့်ကို ပြတယ်။ ကဗျာတွေကို လှန်လှောကြည့်တယ်။ ပန်းတွေ ပွင့်နေကြတယ်။ မီးဖိုချောင်က ဂေါ်ဖီထုပ်အိုး ပွက်နေတယ်။ ကျွန်တော်ဟာ တကယ့်ကဗျာဆရာပဲ။ ကျွန်တော် ပြန်သွားတယ်။ နောက်ထပ်ကဗျာတစ်ပုဒ် ရေးတယ်။ ကျွန်တော့်ကဗျာပြီးသွားတာတောင် လိမ္မော်ဆိုတာတစ်လုံးမှ မပါသေးဘူး။ ကဗျာဆယ့်နှစ်ပုဒ်ရလိုက်တယ်။ လိမ္မော်တွေလို့ အမည်တပ်လိုက်တယ်။ အားလုံး သေသေသပ်သပ် စီပြီးသား၊ ဖတ်ဖို့ အဆင်သင့်။ တစ်နေ့မှာ ပန်းချီပြခန်းတစ်ခုထဲ ကျွန်တော်တွေ့လိုက်တယ်၊ ငါးသေတ္တာလို့ နာမည်ပေးထားတဲ့ ပန်းချီကား။ ကြယ်တွေက ဘယ်မှာလဲဗျ။ ပြန်ဖြေသံ ကြားတယ်။ အဲဒီအထိ မရောက်သေးဘူး။

သိုးထိန်း(အန္တိမ)

ကိုးကား။  ။

Why I Am Not a Painter – Frank O’ Hara (ဘာသာပြန် – ဇေယျာလင်း)

Why I Am a Poet – Donald Caswell (ဘာသာပြန် – ဇေယျာလင်း)

အနှေးမှာ အကွေးလေး ထည့်ပေါင်းထားတော့ အေးလိုက်တာမှ ဆေးနေရော

မျက်စိထဲမှာ ဘာတွေပိတ်နေတာလဲ

ချုံမ်စကီးလား၊ ဖူးကို့လား၊ u ဘာ see လဲ?

i သိပ်သဘောကျခဲ့တာ မဟုတ်သလို ဟုတ်သလို

ဥမ္မာ-dentity ယဉ်ကျေးမှုထုတ်လုပ်ချက်တွေနဲ့ လုပ်ထုတ်ချက်တွေ

စာမှန်မှန် ရေးတယ်၊ ဆေးမှန်မှန် သောက်တယ်

သေမင်းဟာ ဂေးမဟုတ်ခဲ့ရင် လက်စဘီယံပဲလား

တစ်ခါတလေများဆိုရင် လမ်းဘေးခွေးလားလို့လည်း ထင်မိသေးတယ်

အခုသိနေတဲ့ ကရိကထတွေ၊ ထူးထူးခြားခြားတွေ၊ ကျေးဇူးတရားတွေ

ဒီမြေပေါ်မှာပဲကြီး၊ ဒီမြေပေါ်မှာပဲပြီး၊ ဒီမြေပေါ်မှာပဲသေး

နေ့အခါလေးလံပြီး ညအခါ ပေါ့ပါးတဲ့ ခန္ဓာကိုယ်ကြီးကို

ဆိုဗီယက်ပြည်ထောင်စုက မန်ချူးရီးယားတစ်နိုင်ငံလုံးကို ကျူးကျော်လာသလို

ကျွန်မတို့ အတူတကွ ထွန်ယက်ခဲ့ကြတယ်

ကျွန်တော်တို့ အတူတကွ ထွန်ယက်ခဲ့ကြတယ်

တကယ်တော့ လယ်မြေက မြေဆီသြဇာသိပ်ရှိလှတာ မဟုတ်ဘူး

သူတို့ဟာ သီးစားလုပ်သားတွေ၊ သီးခြားအမှတ်လက္ခဏာတွေ

ထွန်ကြောင်းရာ တလျှောက် ယက်ခဲ့ကြတယ်

မလွှဲမရှောင်သာ ဒီလိုအခြေအနေမျိုး လူတိုင်းလည်း ကြုံဖူးကြမှာပါ

အဆောက်အဦဟောင်းတွေနဲ့ လုံးဝခြားနားတဲ့ မြေကွက်ကျယ်ကြီးပေါ်မှာ ရှိတယ်

အစ ရှာမရတဲ့ အဆုံး ခေတ်ကြီးကို မီးခတ်ကျောက်လို တီးခေါက် ကြည့်မိရဲ့

တိတ်ဆိတ်တဲ့ အနံ့တွေက မီးခိုးမှိုင်းတွေလို တွန့်ချည် လှိုင်းသီ ဘယ်ဝယ်ဆီသို့

မိန်းမတစ်ယောက်အတွက် အရေးကြီးဆုံးက ဆိုဗီယက်တပ်ဖွဲ့တွေ

နယ်စပ်ကို စ၀င်လာပြီးတဲ့ မိနစ်ပိုင်းအတွင်းပဲ မြင်းပေါ်ကို တက်ခွဖို့

မီတာ သန်းငါးရာမှာ လူဘယ်နှစ်ယောက် နေနိုင်မလဲ/ ပျက်သုဉ်း နိုင်မလဲ

ကျွန်တော် မနက်ဖြန်ကို ဘတ်စ်ကားစီးပြီးလာခဲ့ရမလား

ဆင်ခြေဖုံးတွေမပါတဲ့ အဝေးပြေးကားကြီး စီးပြီးထွက်သွားကတည်းက

စတာလင်ဟာ သူ့ရဲ့ ပြိုင်ဘက်တွေအားလုံးကို

“မင်းတို့အကြောင်းကို ပြောလို့ နောက်ထပ် ကြေကွဲစရာ မရှိအောင်

ရှိသမျှ ခွန်အားနဲ့ ညှစ်ထုတ်လိုက်စမ်းပါ” လို့ ပြောပြလိုက်တယ်

ပြီးတော့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် မသေရုံတမည်ပဲ

အဲဒီ သားအိမ်က နံရံကပ်ပြက္ခဒိန်ကြီး

ဟောဟို ဦးဦးတို့တည်ဆောက်ခဲ့တဲ့ လေဟာနယ်ကြီး

ယနေ့ လမ်းလျှောက်နေတဲ့ လူတွေကတော့ မော်စကိုအထိ အလံနီကို မအပ်ဘူး

တိုက်တေနီယမ် ထိပ်ဖူးတပ်ထားတဲ့ ခံစားမှုနဲ့ သိမှုစံလွဲဝေဒနာရှင်တွေ

စစ်ကြီးမပြီးခင် စစ်ကြီးတွေ ထပ်ထပ် ဖြစ်တယ်

ထောင်သားတွေ အပြည့်တင်ထားတဲ့ ထောင်ကြိုပို့ကားတစ်စီးက အများဆုံးမျှော်လင့်နိုင်တာဟာ

တစ်စုံတစ်ခုသော အကြောင်းကြောင့် တိမ်းမှောက်သွားဖို့ပဲလား

သူပျောက်ဆုံးဖို့အတွက် သတ်မှတ်ထားတဲ့ နေရာမှာ

ရထားပြတင်းပေါက်ကနေ မိတ်ဆက်စာတွေကို လုံးချေလွှင့်ပစ်လိုက်တယ်

သိပ်မကြာခင်ပဲ သူ အိပ်မောကျသွားတယ်

သစ်ပင်တွေမှာ နစ်ဝင်နေတဲ့ ကျည်ဆန်တွေကတော့

ထူးဆန်းအံ့သြဖွယ် အကြောင်းပြချက်တွေလို

ဘာသာစကားတွေ အများကြီး ပြန်ဆို ထုတ်လွှင့်ကြရမယ်

မြင့်မြတ်ပါတယ်ဆိုတဲ့ ကြက်တွန်သံတွေနဲ့အတူ တနင်္ဂနွေနေ့ဟာ

အပန်းဖြေဥယျာဉ်တွေ၊ အပန်းဖြေကစားကွင်းတွေ၊ တိရိစ္ဆာန်ဥယျာဉ်တွေ

ဒါပေမယ့် တစ်မြို့လုံးဟာ ဆေးရည်စိမ်၊ ရုပ်အလောင်းတွေလို

 

 

သိုးထိန်း(အန္တိမ)